နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါ ကူးစက်ခံရသည့် ဒေါ်နယ်ထရမ့်၏ ကုသမှုတွေပြီးမြောက်

အောက်တိုဘာ ၉၊ ဝါရှင်တန်


COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အတွက် ကုသမှုများ ပြီးမြောက်သွားခဲ့ပြီဖြစ်၍ ယင်းအနေဖြင့် ယခုအားလပ်ရက်တွင် အများပြည်သူနှင့် ထိတွေ့ခွင့်ရရှိတော့မည်ဟု သမားတော် ရှောင်ကွန်လေက ပြောသည်။ အောက်တိုဘာလ ၁ ရက်က COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် ဒေါ်နယ်ထရမ့်မှာ ဝေါ်တာရိဒ်စစ်ဆေးရုံတွင် ၃ ညကြာ ကုသမှု ခံယူခဲ့ပြီးနောက် ဆေးရုံမှ ပြန်ဆင်းခွင့်ရရှိခဲ့သည်။


အောက်တိုဘာလ ၉ ရက်နေ့နှောင်းပိုင်းတွင် COVID-19 ရောဂါပိုး ရှိ၊ မရှိ ထပ်မံစစ်ဆေးဖွယ်ရှိပြီး လာမည့်အားလပ်ရက်တွင် နိုင်ငံရေးစုဝေးပွဲ ကျင်းပနိုင်ရန် မျှော်လင့်ထားသည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။ ဒေါ်နယ်ထရမ့်မှာ လာမည့်ကြာသပတေးနေ့တွင် သမ္မတရွေးကောက်ပွဲဝင်မည့် ဒီမိုကရက်တစ် ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်နှင့် ဒုတိယမြောက်စကားရည်လုပွဲလုပ်မည့် အစီအစဉ်မှ နုတ်ထွက်ခဲ့သည်။


ဒေါ်နယ်ထရမ့်တွင် COVID-19 ရောဂါပိုးရှိ၍ အွန်လိုင်းစကားရည်လုပွဲလုပ်ရလိမ့်မည်ဟု စီစဉ်ကျင်းပသူများက ဆိုသော်လည်း ဒေါ်နယ်ထရမ့်က အွန်လိုင်းစကားရည်လုပွဲအတွက် အချိန်ကုန်မခံနိုင်ဟု အကြောင်းပြန်ခဲ့သည်။ ထို့နောက်တွင် နောက်ထပ်စကားရည်လုပွဲ ၂ ပွဲကို မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် ကျင်းပမည် ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ ဒေါ်နယ်ထရမ့်မှာ စက္ကန့်တိုင်း စိတ်ပြောင်းနေသူဖြစ်သည်ဟု ဂျိုးဘိုင်ဒင်က မှတ်ချက်ပေးခဲ့သည်။


ထို့အပြင် ဒေါ်နယ်ထရမ့်က မဲဆန္ဒရှင်များ၏ မေးခွန်းများကို မဖြေချင်ကြောင်း ထင်ရှားသည်ဟု ယင်း၏မဲဆွယ်စည်းရုံးရေးအဖွဲ့က သုံးသပ်ခဲ့သည်။ ပထမဆုံးကျင်းပခဲ့သည့် စကားရည်လုပွဲတွင် စည်းမျဉ်းချိုးဖောက်မှုများ၊ စကားဖြတ်ပြောမှုများ၊ ပုတ်ခတ်စော်ကားမှုများ ရှိခဲ့သည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယခုနောက်ဆုံး သဘောထားအမြင်ကောက်ခံမှုများအရ သမ္မတရာထူးကို အဆုံးအဖြတ်ပေးမည့် အဓိကပြည်နယ်တချို့တွင် ဂျိုးဘိုင်ဒင်က ဂဏန်းတစ်လုံးစာ အသာရနေကြောင်း တွေ့ရသည်။ လက်ရှိအချိန်အထိ ကြိုတင်မဲပေးမှု ၆ သန်း ရှိနေသည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ