နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားသွေးဌာနတွင် သွေးအလှူရှင် အများအပြားလိုအပ်

COVID-19 ရောဂါအန္တရာယ်ကြောင့် အမျိုးသားသွေးဌာနသို့ လာရောက်လှူဒါန်းသော သွေးအလှူရှင် များ လျော့ကျသွားသည့်အတွက် အရေးပေါ် (Emergency) လူနာများကိုသာ ထောက်ပံ့ပေးနေရသည်ဟု အမျိုးသားသွေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်ကပြောသည်။ အမျိုးသားသွေးဌာနအနေဖြင့် ရန်ကုန်မြို့ပေါ်ရှိ အစိုးရဆေးရုံ ၁၄ ရုံအတွက် တစ်လလျှင် လူဦးရေ ၁၇၀ဝ၀ ကျော်အတွက် သွေးနှင့် သွေးပစ္စည်းများကို ထောက်ပံ့နေရခြင်းဖြစ်ပြီး ယင်း ၁၇၀ဝ၀ ကျော်အတွက် တစ်လလျှင် သွေးလှူရှင် ၉၀ဝ၀ ကျော် လိုအပ်ခြင်းဖြစ်သည်။ အမျိုးသားသွေးဌာနသို့ လာရောက်လှူဒါန်းသည့် သွေးလှူရှင် ၅၅ ရာခိုင်နှုန်းကျော်သည် အစုအဖွဲ့ဖြင့် လှူဒါန်းကြခြင်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ လူစုလူဝေးကနေတစ်ဆင့် အလျင်အမြန်ကူးစက်နိုင်သည့် COVID-19 ရောဂါအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် အစုအဖွဲ့ဖြင့် လာရောက်လှူဒါန်းမှုများ မရှိသည့်အတွက် သွေးလှူရှင်များ လျော့ကျသွားခြင်းဖြစ်သည်။ ''လူနည်းနည်းနဲ့ ခွဲပြီးလာဖို့ စီမံပေးထားပါတယ်။ သွေးလာလှူချင်တဲ့သူတွေကို Appointment ပေးတဲ့ စနစ်နဲ့ ဆောင်ရွက်နေပါတယ်။ တစ်ခါတည်းနဲ့ စုလာစရာမလိုဘဲနဲ့ အချိန်လေးနဲ့ ခွာလာရတဲ့အတွက် သူတို့အတွက်လည်း ကာကွယ်ပြီးသားဖြစ်သွားပါတယ်''ဟု ဒေါက်တာသီတာအောင်က ပြောသည်။ လက်ရှိတွင် COVID-19 ရောဂါအန္တရာယ်ကြောင့် သွေးလှူရှင် ၃၇ ရာခိုင်နှုန်းခန့် လျော့ကျသွားသည့် အတွက် အသေးစားသွေးလိုအပ်မှုများကို လျှော့ချထားရပြီး ယင်းလိုအပ်မှုများကို အပြည့်အဝထောက်ပံ့နိုင်ရန် အတွက် သွေးအလှူရှင်များ အများအပြားလိုအပ်လျက်ရှိသည်။ COVID-19 ရောဂါအန္တရာယ်ကလည်း အရေးကြီးသကဲ့သို့ ရှိပြီးသား ရောဂါဝေဒနာခံစားနေကြရသော လူနာများကို ကုသပေးရန်ကလည်း ရှိနေသေးသည့်အတွက် ကျန်းမာသောသူများအနေဖြင့် သွေးလှူဒါန်း ပေးစေလိုသည်ဟု ဒေါက်တာသီတာအောင်က တိုက်တွန်းပြောကြားသည်။ အမျိုးသားသွေးဌာနကို နံနက် ၈ နာရီမှ ည ၇ နာရီထိ ပိတ်ရက်မရှိ ဖွင့်ပေးထားပြီး သွေးလှူဒါန်းလိုပါက ဖုန်း ဝ၁-၃၇၂၇၅၃ သို့ ဆက်သွယ်လှူဒါန်းနိုင်သည့်အပြင် www.donatebloodmyanmar.org တွင်လည်း ဝင်ရောက်ကြည့်ရှုမေးမြန်းကာ လှူဒါန်းနိုင်ကြောင်း သိရသည်။ ကျော်စိုးသူ (City News)






အခြားဆက်စပ်သတင်းများ