ရန်ကုန် အောက်တိုဘာ ၆
လူသားတို့၏ နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေးအခြေခံ လိုအပ်ချက်များအနက် နေ့စဉ်အဓိကလိုအပ်ချက်မှာ စားရေရိက္ခာလိုအပ်ချက်ဖြစ်သည်။ နေ့စဉ်တိုးတက်နေသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံပိုလျှံရေးမှာ အလွန်အရေးကြီးသော အချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၅၅ သန်းသော ပြည်သူ၊ ပြည်သားများ စားနပ်ရိက္ခာပြည့်စုံစွာ စားသုံးနိုင်ရေး ထုတ်လုပ်ပေးနေသည်မှာ တောင်သူလယ်သမား ဦးကြီးများပင် ဖြစ်သည်။ တောင်သူလယ်သမားဦးကြီးတို့နှင့် တွဲဖက်၍ ရုန်းကန်လုပ်ဆောင်ရသော လယ်ယာ မြေလုပ်ငန်းများတွင် ကျွဲ၊ နွားများ၏ စွမ်းဆောင်ချက်များကလည်း အရေးပါလှသည်။
ခွာနာ၊ လျှာနာရောဂါသည် ခွာကွဲတိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိပြီး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါသည်။ ခွာနာ၊ လျှာနာရောဂါသည် နှစ်နှစ်တစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ်ခန့် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဖြစ်ပြီး ကူးစက် ဖြစ်ပွားနှုန်း မြန်ဆန်သော ရောဂါဖြစ်သည်။ ယခုကဲ့သို့ ရာသီအကူးအပြောင်းနှင့် စိုစွတ်သောကာလများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ ကူးစက်မြန်တိရစ္ဆာန်ငယ်များတွင် သေဆုံးသည်အထိ ပြင်းထန်ခြင်း၊ ခိုင်းနွားများ လုပ်ငန်းခွင်မဝင်နိုင်ခြင်း၊ ရောဂါပျောက်ကင်းသော်လည်း အမောမလုံခြင်း၊ တိရစ္ဆာန်အမများတွင် သားလျှော ခြင်း၊ နို့ထွက်နှုန်းလျော့ကျခြင်း၊ သားမအောင်ခြင်း၊ မြုံခြင်းများဖြစ်စေသည့်အတွက် ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည်။
ရောဂါဖြစ်ပွားလေ့ရှိသော ဒေသများရှိ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်များကို ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေး အညွှန်းအတိုင်း ထိုးနှံပေးရန်၊ ရောဂါဖြစ်တိရစ္ဆာန်ကို သီးခြားချည်နှောင်ထားခြင်း၊ မွေးမြူရေးခြံ၏ ဇီဝလုံခြုံရေး ကို အထူးဂရုပြုမြှင့်တင်ရာတွင် ရောဂါဖြစ်တိရစ္ဆာန်၏ အညစ်အကြေးများခြံနှင့် ခြံပတ်ဝန်းကျင်ကို မွေးမြူရေး ခြံသုံးပိုးသတ်ဆေးဖျန်းပေးပြီး တိရစ္ဆာန်၊ လူ၊ ယာဉ်ဖြတ်သန်းသွားလာမှုကို ထိန်းချုပ်ရန်၊ ရောဂါဖြစ်တိရစ္ဆာန် အား ပြုစုခြင်းကို လူတစ်ဦးတည်းက ဆောင်ရွက်ပြီး လက်၊ ခြေထောက်၊ အဝတ်အစားနှင့် ဖိနပ်တို့ကို ဆပ်ပြာ ဖြင့် ဆေးကြောသန့်စင်ရန်၊ ရောဂါဖြစ်ပွားသော တိရစ္ဆာန်များတွေ့ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည်။ လုပ်ငန်းခွင်ဝင်ရောက်သည့် ကျွဲ၊ နွား များ ရောဂါကင်းစင်မှသာ လယ်ယာဦးကြီးတို့အတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ရာ ကျွဲ၊ နွားများတွင် ဖြစ် တတ်သော ခွာနာ၊ လျှာနာရောဂါကြိုတင်ကာကွယ်ရေး သတိပြုဆောင်ရွက်စေချင်ကြောင်း ။ ။