အောက်တိုဘာ ၅
သွေးတိုးရောဂါသည် အသက် ၄၀ ကျော်လာသည့် လူကြီးအတော်များများတွင် ဖြစ်လေ့ရှိသော ရောဂါ ဖြစ်သည်။ သွေးတိုးရောဂါဟုဆိုသဖြင့် ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသော သွေးလွှတ်ကြော၊ သွေးပြန်ကြောမှ သွေးများတိုးပွားလာခြင်းမဟုတ်ပါ။ ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးရောက်ရှိစေရန် နှလုံးမှ သွေးကို ညှစ်ပို့ရသည်။ ညှစ်ပို့ရသော သွေးဖိအားသည် ပုံမှန်မဟုတ်တော့ဘဲ ပုံမှန်ထက်ပို၍ တိုးလာခြင်း၊ သွေးပိုညှစ်သည့် ဖိအား တိုးလာခြင်းကို သွေးတိုးရောဂါဟုခေါ်သည်။ သွေးတိုးခြင်း၏ နောက်ဆက်တွဲအဖြစ် လေဖြတ်ခြင်းကြောင့် ကမ္ဘာပေါ်တွင် လေးစက္ကန့်တွင် လူတစ်ဦး မသန်စွမ်းဘဝသို့ရောက်လျက်ရှိသည်ဟု ဆိုပေသည်။ သွေးတိုးကြောင့် လေဖြတ်ပြီး ဦးနှောက်သွေးကြောပြတ်ကာ အသက်သေဆုံးရသူများရှိသည်။
လေဖြတ်ရောဂါသည် ဦးနှောက်သို့ သွေးသွားလာစီးဆင်းမှုရပ်ဆိုင်းသွားခြင်း (သို့မဟုတ်) လျော့နည်းသွား ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသောရလဒ်ဖြစ်သည်။ လေဖြတ်ရောဂါအမျိုးအစားကြီး နှစ်မျိုးရှိပြီး ယင်းတို့မှာ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်းတို့ဖြစ်သည်။ လူ့ခန္ဓာကိုယ်၏ အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်သည့် ဦးနှောက်သည် ယင်း၏ လုပ်ငန်းများ ပုံမှန်ဆောင်ရွက် နိုင်ရန် လုံလောက်သော သွေးပမာဏကို မရရှိပါက အဆိုပါဦးနှောက်အစိတ်အပိုင်းနှင့်သက်ဆိုင်သော ခန္ဓာကိုယ် အစိတ်အပိုင်း၏လုပ်ငန်းများရပ်ဆိုင်းသွားပြီး လေဖြတ်ရောဂါလက္ခဏာများဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ ၁၅ သန်းမှာ လေဖြတ်ရောဂါခံစားရပြီး ယင်းတို့ အနက် ခြောက်သန်းမှာ အသက်ဆုံးရှုံးလျက်ရှိနေကြောင်း သိရသည်။ လေဖြတ်ရောဂါကြိုတင်ကာကွယ်နိုင်ရန် သွေးပေါင်မှန်မှန်ချိန်ခြင်း၊ အချို၊ အဆီ၊ အငန်ဓာတ်လွန်ကဲသော အစားအသောက်များကို ရှောင်ခြင်း၊ ကိုယ် အလေးချိန်ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သင့်သည်။ သွေးတိုးရောဂါသည် သတိမပြု၊ မသိလိုက်ခင်ပင် အသက်ဆုံးရှုံးရခြင်းများကြောင့် အသံတိတ်လူသတ်သမားဟုပင် တင်စားပြောဆိုလာကြသည်။ လေဖြတ်မှုများတွင် အသက် ၂၀ မှ ၆၄ နှစ်ကြား သက်လတ်ပိုင်းများသည် ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။ လွန်ခဲ့သော နှစ် ၂၀ ကထက် ပိုမိုမြင့်တက်လာကြောင်း သုတေသနပညာရှင်များက ထုတ်ပြန်ထားသည်။ အရွယ်ငယ် သက်လတ်ပိုင်းများတွင် လေဖြတ်ခြင်းများသည် ကြောက်ခမန်းလိလိ တိုးလာခဲ့သည်။ ကမ္ဘာအနှံ့ လေဖြတ်ခြင်းပြဿနာမှ လျင်မြန်စွာ ကြီးထွားလာမှုကြောင့် လေဖြတ်သည့်ဘေးမှ ကာကွယ်ရေး နည်းလမ်းများဖြင့် ကျော်လွှားစေချင်ကြောင်း . . . . . ။ ။