နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လတ်ဆတ်သည့် အသီးအရွက်နှင့် အသားငါးများ ဈေးနှုန်းသက်သာစွာ လိုက်လံရောင်းချပေးမည်

ရန်ကုန် ဧပြီ ၂၆ ရန်ကုန်တိုင်းဒေသကြီးအတွင်း လော့ခ်ဒေါင်းချထားသည့် ဧရိယာများရှိ ပြည်သူများ စားသောက်မှု အဆင်ပြေစေရန် ရည်ရွယ်၍ လူထုအခြေပြု ပရဟိတအဖွဲ့ We Love Yangon က လတ်ဆတ်သည့် အသီးအရွက်နှင့် အသားငါးများကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ကော်မတီ နှင့် ချိတ်ဆက်ပြီး ဈေးနှုန်းသက်သာစွာဖြင့် စနစ်တကျ လိုက်လံရောင်းပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ပရဟိတအဖွဲ့မှ သိရသည်။ "အဓိကကတော့ Quarantine ဖြစ်နေတဲ့ Lock Down ကျနေတဲ့ ဧရိယာတွေကို အသားငါး၊ အသီးအရွက် အသီးအရွက်ဆိုလည်း အော်ဂဲနစ်အသီးအရွက်၊ အသားဆိုလည်း လတ်ဆတ်တဲ့ အသားငါး တွေကို အသက်သာဆုံးဈေးနှုန်းနဲ့ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး ကော်မတီနဲ့ ချိတ်ဆက်ပြီးတော့ စနစ်တကျရောင်းပေးသွားမယ်၊ အဲလိုရောင်းတဲ့အခါမှာလည်း အသားငါးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ စည်ပင် သာယာရေးကော်မတီက တာ၀န်ရှိသူတစ်ယောက်က ဦးဆောင်ပြီးတော့ Volunteer အနေနဲ့ပဲ သတ်မှတ် ထားတဲ့ အပူချိန်အတိုင်းအတာအတိုင်း သေချာလေးရောင်းပေးမှာပါ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ပူးပေါင်းပြီး ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ဆောင်ရွက်သွားမှာပါ"ဟု We Love Yangon မှ EC Member ကိုဇော်၀င်းခိုင်က ပြောသည်။ တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျာ၀င်းက "အခုက Lock down ချထားတဲ့မြို့နယ်တွေကို အသားငါး၊ အသီးအရွက်တွေ လိုက်လံရောင်းချပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး We Love Yangon နဲ့ ကျွန်တော်တို့ တွေ့ဆုံပါတယ်၊ ကျွန်တော်တို့ တောင်ဥက္ကလာမှာတော့ အပတ်တိုင်း ရပ်ကွက်တွေထဲကို ဈေးကားတွေထွက်ပြီး အသက်သာဆုံးဈေးနှုန်းနဲ့ ရောင်းပေးပါတယ်၊ မှာယူတဲ့သူတွေ ရှိရင်လည်း အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါတယ်၊ တနင်္ဂနွေနေ့တစ်ရက်ပဲ နားပါတယ်၊ ကျွန်တော်တို့ဘက်က ကြိုတင်ပြင်ဆင်ထားပြီသားပါ၊ သူတို့နဲ့ပူးပေါင်းဆောင်ရွက်လိုက်ရုံပါပဲ၊ ကျွန်တော်တို့ဆီမှာလည်း We Love တောင်ဥက္ကလာဆိုပြီး ဖွဲ့ထားပါတယ်၊ ပြည်သူတွအတွက် ဒီလိုပူးပေါင်းဆောင်ရွက်တာ အင်မတန် ကောင်းပါတယ်"ဟု ပြောသည်။ We Love Yangon သည် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ စားသောက်မှု အဆင်ပြေစေရန် အိမ်တိုင်ရာရောက်စနစ်ဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများနှင့် အကျိုးအမြတ် မယူဘဲ လိုက်လံပို့ဆောင်ပေးနေသည့် လူထုအခြေပြု ပရဟိတအဖွဲ့တစ်ခုဖြစ်ပြီး ထိုသို့ အိမ်တိုင်ရာရောက် လိုက်လံပို့ဆာင်ရောင်းချမှုများအပြင် မျှေ၀ခြင်းအစီအစဉ်ဖြစ်သည့် အလှူရှင်များ လာရောက်လှူဒါန်းသည့် ပစ္စည်းများကို အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ထပ်တိုး အစီအစဉ်ဖြစ်သည့် လော့ခ်ဒေါင်းချထားသည့် ဧရိယာများရှိ ပြည်သူများ စားသောက်မှု အဆင်ပြေစေရန် အသီးအရွက်နှင့် အသားငါးများ လိုက်လံရောင်းချမှုကို မကြာမီရက်ပိုင်းအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။ "ဒီလိုဆောင်ရွက်ဖို့က အစောကြီးကတည်းက အစီအစဉ်ရှိပါတယ်၊ စဖြစ်တာတော့ အခုမှ စဖြစ်တာပါ၊ အဓိကကတော့ ဒီကာလမှာ ပြည်သူတွေ အပြင်ထွက်မလာဘဲ ဈေးသက်သက်သာသာနဲ့ လတ်ဆတ်တဲ့ အသားငါးအသီးအနှံတွေကို စားနိုင်အောင်လို့ ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ ကိုဗစ်ရဲ့ပြဿနာကလည်း အပြင်ထွက် လူစုလူေ၀းပြဿနာဆိုတော့ အဲပြဿနာကို ဘယ်လိုဖြေလျော့မလဲဆိုတာ စီစဉ်ကြတဲ့သဘောပါပဲ၊ ပြည်သူလူထုက စည်းကမ်းတွေလိုက်နာပြီးတော့ ကျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာပါ၊ တစ်ဦးတစ်ယောက်က စည်းကမ်းဖောက်လိုက်တာနဲ့ တစ်ပြိုင်တည်း နောက်ဆက်တွဲရလာမယ့် အကျိုးဆက် တွေက အလွန်ဆိုးရွားတယ်၊ အဲလိုမဖြစ်အောင် လူတွေက အိမ်ထဲမှာ နေပြီးတော့ ကျွန်တော်တို့ကိုယ်တိုင် အိမ်တိုင်ရာရောက် အစားအသောက်တွေကို ၀န်ဆောင်မှုပေးမယ်ဆိုတဲ့ ရည်ရွယ်နဲ့ချက်လုပ်တာပါ၊ ပြည်သူလူထု လိုက်နာခြင်းအားဖြင့် ကျွန်တော်တို့လုပ်ဆောင်တဲ့ ရည်ရွယ်ချက်က အောင်မြင်သွားမှာပါ"ဟု ကိုဇော်၀င်းခိုင်က ပြောသည်။ လက်ရှိတွင် We Love Yangon အဖွဲ့အနေဖြင့် အခြေခံစားသောက်ကုန်များကို Package A,B,C အမျိုးအစား သုံးမျိုးခွဲခြား၍ အိမ်တိုင်ရာရောက် ရောင်းချပေးလျက်ရှိရာ အမျိုးအစား(A)တွင် ဆန်(၆)ပြည် (ဧည့်မထအသွယ်)၊ နေကြာဆီ(၅၀)သား တစ်ဘူး၊ ကြက်သွန်နီတစ်ပိဿာ၊ ကြက်ဥ ၁၀ လုံး၊ ငါသေတ္တာ ၅ ဘူး၊ ငရုတ်သီးမှုန့်(သို့)အလားတူပစ္စည်းတစ်မျိုး၊ ကော်ဖီ+ကွေကာ(၅ ထုပ်တွဲစီ)၊ ခေါက်ဆွဲခြောက် ၅ ထုပ် ပါ၀င်ပြီး တန်ဖိုး ၁၆၀၀၀ ကျပ်နှုန်း၊ အမျိုးအစား(B)တွင် ဆန်(၆)ပြည်(ဧည့်မထအသွယ်)၊ နေကြာဆီ(၅၀)သား တစ်ဘူး၊ ကြက်သွန်နီတစ်ပိဿာ၊ ကြက်ဥ ၁၀ လုံး၊ ငရုတ်သီးမှုန့်(သို့) အလားတူပစ္စည်း တစ်မျိုး၊ ကော်ဖီ+ကွေကာ ပါ၀င်ပြီး တန်ဖိုး ၁၂၀၀၀ ကျပ်နှုန်း၊ အမျိုးအစား(C)တွင် ဆန်(၆)ပြည်(ဧည့်မထ အသွယ်)၊ နေကြာဆီ(၅၀)သား တစ်ဘူး၊ ကြက်သွန်နီတစ်ပိဿာ၊ ငရုတ်သီးမှုန့်(သို့)အလားတူပစ္စည်းတစ်မျိုး ပါ၀င်ပြီး တန်ဖိုး ၁၀၀၀၀ ကျပ်နှုန်း ရှိကြောင်း သိရသည်။ အဆိုပါ အခြေခံစားသောက်ကုန် အမျိုးအစားများကို မှာယူလိုသည့် ပြည်သူများအနေဖြင့် ဖုန်းနံပါတ်-၀၉၆၆၉၉၇၈၁၅၁၊ ၀၉၆၆၉၉၇၈၁၅၂၊ ၀၉၆၆၉၉၇၈၁၅၃၊ ၀၉၆၆၉၉၇၈၁၅၄၊ ၀၉၆၆၉၉၇၈၁၅၅၊ ၀၉၇၅၆၅၁၇၁၀၅ တို့သို့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ဆက်သွယ်မှာယူနိုင်ပြီး သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း တစ်ဆင့်ပြန်လည်ရောင်းချပေးလိုသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်များမှ အဖွဲ့အစည်းများ ရှိပါကလည်း ပူးပေါင်းပါ၀င်ဆာင်ရွက်နိုင်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ