အောက်တိုဘာ ၄
မြန်မာ့လူ့ဘောင်လောကတွင် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ဘဝရှင်သန်ဖွံ့ဖြိုးရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ နာသုံးနာကို အခြေခံပြီး မွန်မြတ်သည့် ပြုစုပျိုးထောင်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများကို လေးစားတန်ဖိုးထားကြသည်။ ယနေ့လူငယ်လူရွယ်များသည် အနာဂတ်ကိုတည်ဆောက်ကြမည့် သားကောင်းရတနာလေးများဖြစ်ကြရာ ဆရာ၊ ဆရာမများက ကောင်းမွန်စွာ ပြုစုပျိုးထောင်စောင့်ရှောက်နိုင်မှုသည် အဓိကအကြောင်းတစ်ရပ်ဖြစ်သည်။ ထူးချွန်ထက်မြက်သော လူတော်၊ လူကောင်းလေးများကို ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်သာယာလှပရေးအတွက် ကြိုးပမ်းကြရမည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီး၌ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအကျဆုံးဖြစ်သည့် လူသားအရင်းအမြစ်များ ပျိုးထောင် ရာတွင် ပဓာနကျသည့် ဆရာများ၏ ဂုဏ်ရည်၊ ကျင့်ဝတ်၊ သိက္ခာနှင့် ဂုဏ်ကျေးဇူးတို့ကို မော်ကျူးဂုဏ်ပြုနိုင်ရန် အနာဂတ်ကာလတွင် လူ့ဘောင်အဖွဲ့အစည်းကြီးက လိုလားအပ်သော သားကောင်းရတနာများ ပေါ်ထွက်လာ ရေး၊ ထူးချွန်နှံ့စပ်သည့် ဆရာကောင်း၊ ဆရာမြတ်များ ကမ္ဘာအနှံ့ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် နိုင်ငံတကာအလုပ်သမားအဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့က "ကမ္ဘာ့ဆရာများနေ့" ကို အသိအမှတ်ပြုထားပေသည်။ ဆရာတို့၏ဂုဏ်ကျေးဇူးကို ဖော်ကျူး၍ ၂၀၀၂ ခုနှစ်တွင် အောက်တိုဘာ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ဟု သတ်မှတ်ခဲ့သည်။
မိဘများသည် မိမိတို့၏သားသမီးများကို ထူးချွန်ထက်မြက်၊ လိမ္မာယဉ်ကျေးရေးအတွက် ဆရာများထံ အပ်နှံကာ ပညာရပ်အသီးသီးကို သင်ကြားစေသည်။ ဆရာကောင်း၊ ဆရာမြတ်များသည် တပည့်များအပေါ်တွင် အယုတ်၊ အလတ်၊ အမြတ် မခွဲခြားဘဲ တစ်ပြေးညီသင်ကြားပေးတတ်ကြသည်။ တပည့်များကို အစစအရာရာ လိမ္မာရေးခြားရှိစေရန် နာကျင်ဖွယ်၊ နာပျော်ဖွယ်ဖြစ်အောင် စနစ်တကျ ထောက်ပြဆုံးမပေးတတ်ပေသည်။ ဆရာ၊ ဆရာမများသည် ပညာသင်ကြားပေးသည်သာမက စိတ်ဓာတ်၊ စည်းကမ်း စံပြဖြစ်ရေး၊ ထူးချွန်ထက်မြက် သော နိုင်ငံ့သားကောင်း၊ သမီးမွန်ဖြစ်လာရေးတို့ကို ပြုစုပျိုးထောင်ပေးလျက်ရှိရာတွင် ဖြူစင်၊ သန့်ရှင်း၊ မွန်မြတ်လှသည့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာ၊ ဝါသနာတည်းဟူသော ကြန်အင်လက္ခဏာများရှိသည့် အပြင် ထူးချွန်ထက်မြက်၍ ခေတ်နှင့်လျော်ညီသော ဆရာကောင်းများ ပေါ်ထွန်းလာစေရေး အလေးပေး ဆောင်ရွက်စေချင်ကြောင်း . . . . . ။ ။