အောက်တိုဘာ ၄
မန်ယူအသင်း နောက်တန်းကစားသမားဒါလော့သည် တစ်ရာသီအငှားစာချုပ်ဖြင့် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ဒါလော့သည် မန်ယူအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်မရခဲ့သည့်အတွက် အေစီမီလန်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဒါလော့သည် ၂၀၁၈ ခုနှစ်ကပေါ်တိုအသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၈ သန်းဖြင့် မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းတွင် ဝမ်ဘစ်ဆာကာနောက် ဒုတိယဦးစားပေးကစားသမားအဖြစ်သာ ပါဝင်ခွင့်ရနေသည်။
အသက် ၂၁ နှစ်အရွယ်ရှိ ဒါလော့သည် ပေါ်တူဂီလက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရရေး ပုံမှန်ပွဲထွက်ခွင့် ရရှိရန် လိုအပ်နေသည့်အတွက် မန်ယူအသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအနေဖြင့် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ရန် အီတလီနိုင်ငံ၊ မီလန်မြို့သို့ ရောက်ရှိနေပြီး ဆေးစစ်မှု ခံယူကာစာချုပ်၌ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။ (သူရိန်)