ရန်ကုန် ဧပြီ ၂၆ မြန်မာ့သစ်သီးဝလံများကို ပြည်ပသို့ တင်ပို့ရောင်းချပေးရာတွင် အစိမ်းအစိုအတိုင်းသာ တင်ပို့ရောင်းချပေးနေခြင်းဖြစ်သည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ထိခိုက်မှုများကြောင့် တင်ပို့ရောင်းချပေးနေသည့်သစ်သီးဝလံများမှာ မူလအရည်အသွေးများလျော့ကျမှု၊ ထိခိုက်ပျက်စီးမှုများကြောင့် ဆုံးရှုံးမှုများနှင့်လည်းကြုံတွေ့ရလေ့ရှိနေသည်။ ယခုအခါ မြန်မာ့သစ်သီးများကိုဝယ်ယူနေသည့်ဖောက်သည်ဈေးကွက်နိုင်ငံများအနေနှင့် သစ်သီးဝလံများကို မူလအစိမ်းအစိုအတိုင်းမှာယူခြင်းမပြုကြတော့ဘဲ တန်ဖိုးမြှင့်ထုတ်ကုန်များကိုသာဝယ်ယူရန်ကမ်းလှမ်းမှုများပြုလုပ်လာခဲ့ကြသည်။ လက်ရှိတွင်ဂျပန်နိုင်ငံမှသရက်သီးအနှစ်များဝယ်ယူနေ ပြီဖြစ်သည်။ ထို့အတူ ဒူဘိုင်းနိုင်ငံမှလည်း မြန်မာနိုင်ငံမှသရက်သီးခြောက်များနှင့် ငှက်ပျောသီးခြောက်များကိုဝယ်ယူလိုကြောင်း ကမ်းလှမ်း ဆောင်ရွက်လာခဲ့သည်။ ထို့ကြောင့် သစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ ဒူဘိုင်းနိုင်ငံသို့နာနတ်သီး ခြောက်များနှင့်ငှက်ပျောသီးခြောက်များကို တင်ပို့ရောင်းချပေးနိုင်ရေး အတွက်စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်။ ထို့အပြင် လွန်ခဲ့သည့် ၂၀၁၉ခုနှစ်ကုန်ုပိုင်း၊ဒီဇင်ဘာလတွင် ဩစတြေးလျနိုင်ငံသို့ နာနတ်သီးခြောက် တန်ချိန်(၁၉)တန်ခွဲကို ဈေးကွက်စမ်းသပ် တင်ပို့ရောင်းချပေးခဲ့ရာ ဈေးကွက်အောင်မြင်မှုရရှိခဲ့ကြောင်း သိရ သည်။ ထို့ကြောင့်ယခုအခါ ရှမ်းပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသများမှစိုက်ပျိုးထွက်ရှိနေသည့် နာနတ်သီးများကိုဩစတြေးလျနိုင်ငံ ဈေးကွက်သို့တင်ပို့ရောင်းချပေးနေပြီဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံမှ နာနတ်သီးခြောက်များအားဝယ်ယူရန် တရုတ်နိုင်ငံဈေးကွက်နှင့် ဂျပန်နိုင်ငံ၊ဥရောပသမဂ္ဂဈေးကွက်လည်း ကမ်းလှမ်းမှုများရှိနေသည်ဟုဆိုသည်။ လက်ရှိနိုင်ငံတကာဈေးကွက်များတွင် နာနတ်သီးခြောက်တစ်တန်လျှင် မြန်မာကျပ်ငွေသိန်း (၁၂၀)ဈေးနှုန်းရရှိနေသည်ဟုပြောသည်။ ထို့ကြောင့်နာနတ်သီးခြောက်များအား ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချပေးရာတွင် နာနတ်သီးအစိမ်းအစိုများ တင်ပို့ရောင်းချပေးနေခြင်းထက် ဈေးနှုန်းသာလွန်စွာ ရရှိနေသည့်အပြင် ပျက်စီးဆုံးရှုံးမှုလည်းမရှိ၊ သယ်ယူပို့ဆောင်ရာတွင်လည်း ကုန်ကျစရိတ်သိသာစွာ လျော့ကျသွားသဖြင့် များစွာတွက်ခြေကိုက်မှုရှိနေသည်။ ထို့အပြင်လက်ရှိတွင်လည်း မြန်မာနိုင်ငံမှ သရက်သီးခြောက်များဝယ်ယူရန် ကမ်းလှမ်းလာနေမှုမှာလည်း များပြားလျက်ရှိနေသည်။ ထို့ကြောင့် ပြည်တွင်းတွင် သစ်သီးဝလံအခြောက်ဈေးကွက်များ တွင်ကျယ်စွာဖြစ်ထွန်းပေါ်ပေါက်လာနိုင်သည့် အခြေအနေကောင်းများ ရှိနေကြောင်း သိရသည်။ ကိုသာစစ်