ရန်ကုန် ဧပြီ ၂၆ ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်တွင် အမေရိကန်နိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခုမှ နိုင်ငံတကာအဆင့်မီကုန်စည် ထောက်ပံ့ရေးဗဟိုစခန်းတစ်ခုတည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသတင်းများအရ သိရသည်။ ယခုအခါရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းများ တိုးတက်များပြားလာနေသကဲ့သို့ နိုင်ငံတကာ ရင်းနှီး မြှပ်နှံလုပ်ကိုင်မှုများလည်း တိုးတက်များပြားလာခဲ့သည်။ အဆိုပါလုပ်ငန်းများမှ ထွက်ကုန်များအား ပြည်တွင်း ပြည်ပဈေးကွက်များသို့တင်ပို့ရောင်းချပေးရာတွင်ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းလမ်း ခရီးစဉ်များနှင့် တင်ပို့ရောင်းချပေးလျက်ရှိသည်။ ကုန်စည်များကိုကုန်းလမ်းမှကုန်တင်ယာဉ်များ၊ ရထားများနှင့်နှင့်သယ်ယူပို့ဆောင်ပေးပြီးရေလမ်းခရီးမှ ပြည်တွင်းရေကြောင်းလမ်းနှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ လေကြောင်းလမ်းမှ လေယာဉ် ခရီးစဉ်များနှင့်သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်သည်။ လွန်ခဲ့သည့်(၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၏ ကုန်စည်ပို့ဆောင်မှုအခြေအနေ များမှာ ရထားခရီးစဉ်များဖြင့် ကုန်တန်ချိန်(၅၂၆၁၀ဝ)တန်၊ ကုန်တင်မော်တော်ယာဉ်များဖြင့် ကုန်တန်ချိန် (၅၀ဝ၀ဝ၀)ကျော်၊ ရေကြောင်းလမ်းခရီးများမှ ကုန်တန်ချိန်(၄၂၂၁၃၅)တန်နှင့် လေကြောင်းခရီးစဉ်များဖြင့် ကုန်တန်ချိန်(၁၃၇၂)တန်သယ်ယူပို့ဆောင်ပေးခဲ့ရသည်။ ထိုသို့ကုန်စည်များကိုတင်ပို့ရာတွင် အချို့သော အခြေအနေများတွင် အခက်အခဲနှင့်အ ဆင်မပြေမှု များကြုံတွေ့နေခဲ့ကြရသည်။ ထို့ကြောင့်ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများအား ပြည်တွင်း ပြည်ပဈေးကွက်များသို့ အဆင်ပြေစွာသယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက် အမေရိကန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် HUBS MKကုမ္ပဏီမှ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းစက်မှုဇုန်တွင် နိုင်ငံတကာအဆင့်မီကုန်စည်ထောက်ပံ့ရေး ဗဟိုစခန်းတစ်ခုတည် ဆောက်နိုင်ရေးစီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။ HUBS MKကုမ္ပဏီအနေနှင် နိုင်ငံတကာအဆင့်မီကုန်စည် ထောက်ပံ့ရေးဗဟိုစခန်းအား အမေရိကန် ဒေါ်လာသန်းတစ်ရာခန့်အကုန်အကျခံရင်းနှီးမြှုပ်နှံတည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါနိုင်ငံတကာအဆင့်မီကုန်စည် ထောက်ပံ့ရေးဗဟိုစခန်းတည်ဆောက်နိုင်ရေးအတွက် အဆိုပါ HUBS MKကုမ္ပဏီအနေနှင့် ၂၀၁၈ ခုနှစ်ကတည်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါနိုင်ငံတကာအဆင့်မီကုန်စည်ထောက်ပံ့ရေးဗဟိုစခန်းအားအ ကောင်အထည်ဖော်ဆောင်ရွက် ပြီးပါက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ စက်မှုဇုန်များနှင့်ပြည်တွင်း ပြည်ပရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများမှ ထွက်ရှိလာမည့်ကုန်ပစ္စည်းများကို အရည်အသွေးမြင့် ပို့ကုန်များအဖြစ် ထိန်းသိမ်း ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ထုတ်လုပ်မှုစရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များကို လျှော့ချဆောင်ရွက်နိုင်မည် ဖြစ်ပြီး နိုင်ငံတကာဈေးကွက်များအထိ ကုန်ပစ္စည်းများ၏ အရည်အသွေးပြောင်းလဲ လျော့ကျသွားမှုမရှိစေဘဲ သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါနိုင်ငံတကာအဆင့်မီ ကုန်စည်ထောက်ပံ့ရေးဗဟိုစခန်းအနေနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများကိုအဓိက ကိုင်တွယ်သယ်ယူပို့ ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရွှေဒုံသစ္စာ