နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀ ပြည့်နှစ်အတွင်းခရီးသွားကဏ္ဍအတွက် မျှော်လင့်ချက်မရှိဟုဆို

ရန်ကုန် ၊ ဧပြီ ၂၆ Covid-19 ကမ္ဘာကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ့ခရီးသွားကဏ္ဍမှာ ထိခိုက်သွားသည့် အတွက် မျှော်လင့်စရာမရှိတော့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်း ဟန်က ပြောသည်။ “လေကြောင်းလိုင်းတွေက ရပ်တန့်သွားတော့ ဇွန်လအထိလုံးဝလည်ပတ်ဖို့ မရှိတော့ဘူး။ လုံးဝသုည ဖြစ်သွားပြီး နလန်ထူစရာမရှိတော့ဘူး။ ကိုယ်တွေဆီမှာ ထိန်းချုပ်နိုင်ခဲ့ရင်တောင် တခြားနိုင်ငံတွေမှာ ဖြစ်နေသေးတယ်။ ဒီတစ်နှစ်လုံးကတော့ ခရီးသွားကဏ္ဍက ထိခိုက်သွားပြီ။ သိပ်ပြီးမျှော်လင့်စရာမရှိတော့ဘူး။ လာမယ့်နှစ်မှာဆိုရင်တော့ အဓိကဈေးကွက်ကိုရှာပြီးတော့ ခရီးသွားကဏ္ဍပြန်ပြီးဦးမော့နိုင်အောင် ထိုးဖောက်ရမှာ”ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။ ပြည်တွင်းတွင် Covid-19 ကူးစက်သူဦးရေတိုးလာမှုကြောင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များ အပါအဝင် အခြားပြည်တွင်းလေဆိပ်များမှာ ပြည်ပလေကြောင်း လိုင်းများ ဆင်းသက်ခွင့်မပြုသဖြင့် ခရီးသည်အဝင်/အထွက် လုံးဝမရှိတော့ကြောင်းသိရသည်။ ထို့အပြင် လေကြောင်းလိုင်းများရပ်တန့်ထားမှုကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းမှာလည်း ၂၀၂၀ ပြည့်နှစ်၏ တစ်နှစ်တာကာလအတွင်း ဝင်ငွေမှာထိခိုက်သွားပြီး မျှော်လင့်စရာ မရှိတော့ကြောင်းသိရသည်။ Covid-19 ကြောင့်ထိခိုက်မှုတွေမှာတစ်ခုအပါအဝင်ဖြစ်သည့် ခရီးသွားလုပ်ငန်းကဏ္ဍကို ပြန်လည်ကုစားမှုပြုလုပ်နိုင်ရန်အတွက် ချေးငွေများလျှောက်လွှာတင်ခိုင်းရာ ခရီးသွားကုမ္ပဏီနှင့် ဟိုတယ်လုပ်ငန်းစုစုပေါင်း ၆၀၀ ဝန်းကျင် လျှောက်ထားမှုရှိပြီး ပထမအသုတ်ချေးငွေပေးမှုစာရင်းတွင် ခရီးသွားကုမ္ပဏီ ၂၀ ကျော်ပါဝင်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်တွင် ပြည်တွင်းသို့လာရောက်လည်ပတ်သည့်ပြည်ပခရီးသွားဦးရေမှာ ၄ ဒသမ ၃ သန်း ဝင်ရောက်မှုရှိပြီး ၂၀၂၀ ပြည့်နှစ်မှာ ခရီးသည်ငါးသန်း မှန်းထားသော်လည်း တစ်သန်းပြည့်ပါက ကံကောင်း သည်ဟုပင် ဆိုနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ