နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ဘဝရှင်သန်ရေး လိုက်နာဆောင်ရွက်

ရန်ကုန်   အောက်တိုဘာ   ၂


ကျွန်ုပ်တို့နေ့စဉ်လိုက်နာဆောင်ရွက်ရသော လုပ်ငန်းကိုင်ငန်းအသီးသီးတို့တွင် အဆင်ပြေချောမွေ့သည် များရှိသလို တစ်ခါတစ်ရံ အဆင်မပြေသည်များလည်း ရှိတတ်သည်။ မည်သို့သော အခက်အခဲအကျပ်အတည်း ရှိစေကာမူ ရည်မှန်းချက်ပန်းတိုင်အရောက် လှမ်းနိုင်ရန် အရေးကြီးပါသည်။ သွားလိုသောခရီး၊ ဖြစ်ချင်သော ဆန္ဒ၊ မျှော်မှန်းသောပန်းတိုင်သို့ အရောက်လှမ်းနိုင်ပါမှ အောင်ပန်းဆွတ်ခူးနိုင်မည်ဖြစ်သည်။ လူတိုင်းလူတိုင်း သည် ရံဖန်ရံခါ အခက်အခဲအကျပ်အတည်းများ ကြုံတွေ့ရတတ်ပါသည်။ ထိုအခါ စိတ်ပျက်ခြင်း၊ အားလျှော့ခြင်း၊ ကြောက်ရွံ့နောက်ဆုတ်ခြင်းများ ပြုလုပ်တတ်သည်။ စိတ်ပျက်အားလျှော့ခြင်းသည် ဘဝကို ကျရှုံးခြင်း၏ လမ်းစပင်ဖြစ်သည်။ ဘဝကို အရှုံးမပေးသင့်ပါ။ ဘဝကို ကြံ့ကြံ့ခံရင်း လောကဓံကို တွန်းလှန်နိုင်ရပါမည်။

လူ့ဘဝတွင် ဖြစ်ပြန်၊ ပျက်ပြန်လောကဓံဆိုသည့်အတိုင်း နိမ့်တစ်ခါ၊ မြင့်တစ်လှည့် ရှိတတ်သည်။ ကောင်း သည့်အခါရှိသလို ဆိုးသောအခါလည်း ရှိနိုင်သည်။ လူသည် တစ်ဦးတစ်ယောက်တည်းနေ၍ရသည်မဟုတ်။ အစုအဝေး၊ အပေါင်းအဖော်နှင့် နေသည်ဖြစ်ရာ လူမှုအဖွဲ့အစည်းထဲတွင် အတူတကွ ကြီးပြင်းရှင်သန်ရသည်။ လူ့ဘဝတွင် အသက်ရှင်သန်ရေးသည် အဓိကဖြစ်သည်။ လူမှုအသိုင်းအဝန်းတွင် ဗြဟ္မစိုရ်တရားနှင့်အညီ ရှင်သန်ကြရသည်။ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာနှင့် မေတ္တာတရားတို့ လွှမ်းခြုံခြင်းဖြင့် စောင့်ရှောက်ကြရသည်။

ယခုအခါ COVID-19 ရောဂါဖြစ်ပွားမှု မြင့်မားနေသောကြောင့် COVID-19 ရောဂါဖြစ်စေသည့် ပိုးရှိလူနာ များနှင့် ထိတွေ့ထားသူများအား ရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းစဉ်များကို  ထိန်းချုပ်ရေးလုပ်ငန်းစဉ် နည်းဗျူဟာများဖြင့် တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေသည်။ နိုင်ငံတော်အနေဖြင့် အသွားအလာကန့်သတ်မှုများ တစ်မြို့နယ်မှ တစ်မြို့နယ်၊ ဒေသတစ်ခုနှင့် တစ်ခု ကူးစက်ပျံ့နှံ့မှုမရှိအောင်   အလေးထားဆောင်ရွက်နေသည်။ သို့ဖြစ်ရာ COVID-19 ရောဂါသည် အရေးကြီးဆုံးအခြေအနေသို့ ရောက်ရှိနေ ပြီဖြစ်ရာ ထပ်မံတိုးပွားကူးစက်ပြန့်ပွားမည့် အန္တရာယ်ကို ကာကွယ်သော စိတ်ဓာတ်အင်အားဖြင့် မိမိအိမ်တွင်း ၌ နေထိုင်ခြင်း၊ စည်းမျဉ်းစည်းကမ်းနှင့်ဥပဒေတို့ကို လိုက်နာကြခြင်းဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော COVID-19 ရောဂါကို ကာကွယ်နိုင်မည်ဖြစ်သည်။ လူ့ဘဝရရှိရှင်သန်နေရေးအတွက် တက်ညီလက်ညီအင်အားဖြင့် COVID-19 ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကျော်လွှားစေချင်ကြောင်း ။      ။






အခြားဆက်စပ်သတင်းများ