ဧပြီ ၂၆၊ ရောမ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု စည်းမျဉ်းသစ်အရ အီတလီနိုင်ငံတွင် မာဖီးယားဂိုဏ်းခေါင်းဆောင် အများအပြား ထောင်မှ ပြန်လွတ်လာကြောင်း အီတလီနိုင်ငံ၏ မာဖီးယားဆန့်ကျင်ရေးရှေ့နေက ပြောသည်။ စစ္စလီကျွန်းမှ ကိုဆာနိုစတြာဂိုဏ်းခေါင်းဆောင် ဘိုနူရာ၊ အန်ဒရန်ဂီတာဂိုဏ်းသားတစ်ဦးဖြစ်သူ အီရန်နက်ဇို၊ ကာဆာလက်ဆီဂိုဏ်းသား ဇာဂါရီယာတို့ကို နေအိမ်အကျယ်ချုပ်ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ခဲ့သည်ဟု ရှေ့နေဒီရာဟိုက ပြောသည်။ ပြုပြင်ထိန်းသိမ်းရေးစင်တာများအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန်အတွက် ထောင်ဒဏ် ၁၈ လအောက်သာ ကျန်ရှိနေသည့် အကျဉ်းသားများကို နေအိမ်အကျယ်ချုပ်ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ရန် အီတလီအစိုးရက ရာဇဝတ်တရားသူကြီးများကို ညွှန်ကြားခဲ့သည်။ မာဖီးယားဂိုဏ်းတွင် ပါဝင်သူများဖြစ်၍ အကျဉ်းထောင်ပြင်ပတွင် အခြားသူများနှင့် အဆက်အသွယ်မလုပ်နိုင်စေရန်အတွက် ဘိုနူရာ၊ အီရန်နက်ဇို၊ ဇာဂါရီယာတို့ကို သီးသန့်ခွဲခြားထားရေးစည်းမျဉ်းများ ထပ်တိုးချမှတ်ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်။ ဘိုနူရာမှာ မာဖီးယားဂိုဏ်းနှင့်ပတ်သက်နေသည့် စွဲချက်များအတွက် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး နောက်ထပ်ထောင်ဒဏ်ကိုးလသာ ကျခံရတော့မည်ဖြစ်သည်။ အီရန်နက်ဇိုမှာ မာဖီးယားဂိုဏ်း၏ ကြံရာပါအဖြစ် ပါဝင်သည်ဆိုသော စွဲချက်များကြောင့် ၂၀၁၈ ခုနှစ်က ထောင်ဒဏ် ၁၄ နှစ်ကျော် ချမှတ်ခံခဲ့ရသူဖြစ်သည်။ အီရန်နက်ဇိုသည် လာမီဇီယာတာမီမြို့တွင် အင်အားကြီးသည့် ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဇာဂါရီယာမှာ ၂၀၀၇ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလ ၂၉ နောက်ပိုင်း အီတလီနိုင်ငံတွင် အကျဉ်းသားအရေအတွက် ၆၅၀၀ လျော့ကျခဲ့သည်။ Ref:BBC(KNT)