ဧပြီ ၂၆၊ နယူးဒေလီ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အိန္ဒိယတစ်နိုင်ငံလုံး ပိတ်ဆို့ခံခဲ့ရပြီးနောက် တစ်လကျော်အကြာတွင် ဈေးဆိုင်ငယ်များကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့သည်။ သို့သော် ဆိုင်ဝန်ထမ်းတစ်ဝက်သာ အလုပ်လုပ်ရမည်ဖြစ်ပြီး နှာခေါင်းစည်းဝတ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း စသည့် ကြိုတင်ကာကွယ်မှုများကို လိုက်နာရမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ ဈေးဆိုင်ငယ်များကို ပြန်ဖွင့်ပေးသော်လည်း ဈေးဝယ်စင်တာများကို ပိတ်ထားရဆဲဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများနေသည့် နေရာများမှ လုပ်ငန်းများကိုလည်း ပိတ်ထားဆဲဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ တဖြည်းဖြည်းပြန်လည်စတင်မည့် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဈေးဆိုင်ငယ်များကို ပြန်ဖွင့်ပေးခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံထားရသူ ၂၅၀၀၀ နီးပါးရှိနေပြီး လူ ၇၈၀ သေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံ၏ မိသားစုသန်းပေါင်းများစွာမှာ တစ်နေ့တာအတွက် ကုန်ခြောက်ပစ္စည်းများနှင့် အခြားမရှိမဖြစ် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန် ဈေးဆိုင်ငယ်များကို မှီခိုအားထားနေရသည်။ ဈေးဝယ်စင်တာများမှလွဲ၍ ကျေးလက်ဒေသမှ ဈေးဆိုင်အားလုံးနှင့် မြို့ပြမှ စတိုးဆိုင်များကို စနေနေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ သို့သော် ဈေးအတွင်းရှိ ဆိုင်များကို ပိတ်ထားဆဲဖြစ်သည်။ Ref:BBC(KNT)