နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် အရွယ်မတိုင်မီ လက်ထပ်ရမှု မြင့်တက်လာနိုင်ဟု Save the Children အဖွဲ့ သတိပေး

အောက်တိုဘာ  ၂၊ လန်ဒန်


COViD-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ကလေးသူငယ် ထိမ်းမြားလက်ထပ်မှု မြင့်တက်လာနိုင်ပြီး အဆိုပါအစဉ်အလာကို အဆုံးသတ်နိုင်ရန် ၂၅ နှစ်ကြာ ကြိုးပမ်းခဲ့သည့် တိုးတက်မှုများ နောက်ကြောင်းပြန်လှည့်သွားနိုင်သည်ဟု Save the Children အဖွဲ့က သတိပေးထားသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၅ ခုနှစ်တွင် အရွယ်မရောက်မီ အိမ်ထောင်ပြုရသည့် မိန်းကလေးငယ် ၂.၅ သန်းကျော် ရှိလာလိမ့်မည်ဟု Save the Children အဖွဲ့က ပြောသည်။

ကပ်ရောဂါကြောင့် ဆင်းရဲမွဲတေမှု မြင့်တက်လာ၍ မိန်းကလေးငယ်များမှာ ကျောင်းထွက်ရပြီး လုပ်ငန်းခွင်ဝင် သို့မဟုတ် အိမ်ထောင်ပြုရသည့် အခြေအနေဖြစ်စေသည်ဟု ဆိုသည်။ အာရှတောင်ပိုင်း၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများမှ မိန်းကလေးငယ်များမှာ အထိအနာဆုံးဖြစ်နေသည်။
ကလေးသူငယ်များ ထိမ်းမြားလက်ထပ်မှုနှင့် ကျား၊ မ တန်းတူညီမျှမရှိခြင်းကို တိုက်ဖျက်မည့် အားထုတ်ကြိုးပမ်းမှုများအတွက် ကမ္ဘာ့ခေါင်းဆောင်များက ရန်ပုံငွေနှင့် ပံ့ပိုးမှုပိုလုပ်ကြရန် ဗြိတိန်နိုင်ငံအခြေစိုက် Save the Children အဖွဲ့က ပြောသည်။


လွန်ခဲ့သည့် ၂၅ နှစ်ကြာကာလအတွင်း ကလေးသူငယ် ထိမ်းမြားလက်ထပ်မှု ၇၈.၆ သန်းကို တားဆီးနိုင်ခဲ့သော်လည်း အဆိုပါအစဉ်အလာ အဆုံးသတ်ရန် လုပ်ဆောင်နေသည့် တိုးတက်မှုများမှာ တဖြည်းဖြည်းချင်း ရပ်တန့်သွားပြီဟု  Save the Children အဖွဲ့၏ ကလေးသူငယ်ကာကွယ်ရေး အကြံပေးပုဂ္ဂိုလ် ဖလာနဂန်က ပြောသည်။


နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းတွင် မိန်းကလေးငယ် ၁၂ သန်းဝန်းကျင်မှာ အရွယ်မတိုင်မီ အတင်းအကျပ် အိမ်ထောင်ချပေးမှု ကြုံတွေ့နေရသည်ဟု  Save the Children အဖွဲ့က ပြောသည်။ ၂၀၂၀ ပြည့်နှစ် တစ်နှစ်တည်းတွင် နောက်ထပ် မိန်းကလေးငယ် ၅၀၀၀၀၀ မှာ အရွယ်မတိုင်မီ အိမ်ထောင်ချပေးမှု ရင်ဆိုင်နေရပြီး အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ရသည့် မိန်းကလေးငယ် တစ်သန်းရှိလာမည်ဟု ခန့်မှန်းထားသည်။                                                                                      


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ