နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ဝန်ဆောင် မွတ်စလင်အမျိုးသမီးကို တိုက်ခိုက်ခဲ့သည့် သြစတြေးလျအမျိုးသားကို ထောင်ဒဏ် သုံးနှစ် ချမှတ်

  အောက်တိုဘာ  ၂၊ ဆစ်ဒနီ


အစ္စလာမ်မုန်းတီးရေးဟု ယူဆရသည့် တိုက်ခိုက်မှုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ထိုးကြိတ်ပြီး တက်နင်းခဲ့သည့် သြစတြေးလျအမျိုးသားကို ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကိုယ်ဝန်ဆောင်ချိန် ၃၈ ပတ်ရှိသည့် အီလာစမာမှာ ယင်း၏သူငယ်ချင်းများနှင့်အတူ ကော်ဖီဆိုင် ထိုင်နေချိန် အသက် ၄၄ နှစ်အရွယ်အမျိုးသား လိုဇီနာက ယင်းတို့ဝိုင်းနား ကပ်လာပြီး ပိုက်ဆံတောင်းခဲ့သည်။


အီလာစမာက မပေးနိုင်ဟု ငြင်းဆန်ခဲ့ပြီးနောက် လိုဇီနာက အငြိုးတကြီး တိုက်ခိုက်ခဲ့သည်။ လိုဇီနာမှာ ဘာသာရေးမုန်းတီးမှုဓာတ်ခံကြောင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရုံးတင်စစ်ဆေးမှုတွင် တရားရုံးက ကြားနာခဲ့သည်။


'' နင်တို့ မွတ်စလင်တွေကြောင့် ငါ့အမေ ဘဝပျက်ခဲ့ရတာ''ဟု လိုဇီနာက အော်ဟစ်ခဲ့ပြီး အီလာစမာကို လဲကျသွားအောင် ထိုးကြိတ်ခဲ့သည်။ လိုဇီနာက အီလာစမာကို အနည်းဆုံး ၁၄ ချက် ထိုးကြိတ်ခဲ့ပြီး ယင်း လဲကျသွားချိန်တွင် နောက်စေ့ကို ခြေထောက်ဖြင့် တက်နင်းခဲ့သည်။ ထို့နောက်တွင် အခြားစားသုံးသူများက လိုဇီနာကို ဆွဲခေါ်သွားကြသည်။


အဆိုပါတိုက်ခိုက်မှုမှာ စိတ်ဓာတ်အောက်တန်းကျသည့်၊ စက်ဆုပ်ရွံရှာစရာ တိုက်ခိုက်မှုဖြစ်သည်ဟု တရားသူကြီး ခရိုင်ဂျီက မှတ်ချက်ပေးခဲ့ပြီး မိခင်ရော၊ ကလေးပါ ဆိုးဆိုးရွားရွား အန္တရာယ်ဖြစ်စေနိုင်သည်ဟု ဆိုသည်။


အီလာစမာသည် အဆိုပါတိုက်ခိုက်မှုအပြီး ရက်သတ္တသုံးပတ်အကြာတွင် ယောကျ်ားလေး မွေးဖွားခဲ့သည်။ လိုဇီနာက ရုံးတင်စစ်ဆေးချိန်တွင် ရှေ့နေမခေါ်ခဲ့ဘဲ ကိုယ်တိုင်လျှောက်လဲချက်ပေးခဲ့ပြီး မူမမှန်သည့် စကားများ ထွက်ဆိုခဲ့သည်။ လိုဇီနာမှာ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရပြီး စိတ်ကျန်းမာရေး ပြဿနာ ကြုံခဲ့ရဖူးသည်ဟု တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။ ယင်းအနေဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသော်လည်း ၂၀၂၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားနိုင်မည်ဖြစ်သည်။                                                                  


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ