အောက်တိုဘာ ၁
COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရသူ ၃၄ သန်းကျော်ရှိပြီး သေဆုံးသူ တစ်သန်းကျော် ရှိလာပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံများက COVID-19 ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် တက်သုတ်ရိုက်ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန်တွင် စမ်းသပ်ထိုးနှံမှု အဆင့်(၃)သို့ ရောက်ရှိနေသည့် ဆေးဝါး(၁၁)မျိုးအထိ ရှိလာခဲ့သည်။
စမ်းသပ်ထိုးနှံမှုများအနက် အဆင့်(၃)မှာ နောက်ဆုံးစမ်းသပ်မှုအဆင့်ဖြစ်ပြီး အောင်မြင်မှု ရရှိပါက အကန့်အသတ်ဖြင့် စတင်ထိုးနှံခွင့်ပြုသည့်အဆင့်သို့ ရောက်ရှိမည်ဖြစ်ကာ ထိုမှတစ်ဆင့် အပြည့်အဝ ထိုးနှံခွင့်ပြုသည့် အဆင့်ဖြစ်လာမည်ဖြစ်သည်။
စမ်းသပ်ထိုးနှံမှုအဆင့်(၃)သို့ ရောက်ရှိနေသည့် ဆေးဝါးတစ်မျိုးမှာ Pfizer ကုမ္ပဏီမှ ထုတ်လုပ်သည့် ဆေးဝါးဖြစ်ပြီး ကုမ္ပဏီအမှုဆောင်ချုပ်က အောက်တိုဘာလအတွင်း အဖြေသိရမည်ဟု ပြောထားခြင်းကြောင့် ဈေးကွက်အတွင်း အရင်ဆုံးရောက်ရှိလာမည်ဟု ထင်ကြေးပေးခံထားရသည့် ဆေးဝါးဖြစ်သည်။ Pfizer ကုမ္ပဏီနှင့် Moderna ကုမ္ပဏီတို့မှာ ယင်းတို့၏ COVID-19 ကာကွယ်ဆေးများကို တစ်ရက်တည်းအတူ စမ်းသပ်ထိုးနှံခဲ့ကြခြင်းဖြစ်သည်။
သို့သော် Pfizer ကုမ္ပဏီက ဆေး ၂ ကြိမ်ထိုးရာတွင် အချိန် ၂၁ ရက်သာ ခြားခဲ့ပြီး Moderna ကုမ္ပဏီက ၂၈ ရက် ခြားခဲ့သည်။ အောက်တိုဘာလ ၂၂ ရက်တွင် COVID-19 ရောဂါ ကာကွယ်ဆေး စမ်းသပ်မှုများနှင့်ပတ်သက်၍ Global Antibiotic Research and Development Partnership အေဂျင်စီက ပြင်ပမှကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဟု ဆိုသည်။
Ref:BBC(KNT)