စက်တင်ဘာ ၃၀
စက်တင်ဘာလကုန်ပိုင်းကစပြီး Google Meet ရုပ်သံပလက်ဖောင်းအစည်းအဝေးကို အခမဲ့သုံးနေသူ များသည် မိနစ် ၆၀ ထက် မပိုသည့်အစည်းအဝေးများ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။
Google သည် ဧပြီလကစပြီး Google Meet ရုပ်သံ Chatting တွင် Unlimited Meetings များ ခွင့်ပြုခဲ့ပြီး ၆ လကြာ အကန့်အသတ်မရှိ အစည်းအဝေးလုပ်နိုင်အောင် ခွင့်ပြုခဲ့ပြီးနောက် စက်တင်ဘာ ၃၀ ရက်မှစပြီး Google Meet free version သုံးသူများသည် မိနစ် ၆၀ ထက် မကြာသည့်အစည်းအဝေးများ ပြုလုပ်နိုင်ရန် ကန့်သတ်ထားကြောင်း သိရသည်။
ယခုကဲ့သို့ ကန့်သတ်မှုများမပြုလုပ်မီ Google အကောင့်တစ်ခုရှိသူတိုင်းသည် လူပေါင်း ၁၀၀ အထိ ပါဝင်နိုင်သည့် Free Meetings များ ဖန်တီးနိုင်သည်။ အစည်းအဝေးအချိန်ကာလကိုလည်း ကန့်သတ်ထား ခြင်း မရှိခဲ့ပေ။ ယခုအခါ စက်တင်ဘာ ၃၀ ရက်ကစပြီး လစဉ်ကြေးပေးသုံးရသည့် G Suite နှင့် G Suite for Education features များလည်း ရပ်ဆိုင်းတော့မည်ဖြစ်ပြီး ယခုလကုန်ကစပြီး အခမဲ့သုံးစွဲသူများအတွက် လူပေါင်း ၂၅၀ အထိ ပါဝင်နိုင်မည့် အစည်းအဝေးများ၊ ဒိုမိန်းတစ်ခုတည်းနှင့် လူပေါင်း ၁ သိန်းအထိ Live-Stream လွှင့်နိုင်မည့် features များ၊ Google Drive ထဲ အစည်းအဝေးမှတ်တမ်း သိမ်းဆည်းနိုင်မည့် လုပ်ဆောင်ချက်များ အသုံးပြုနိုင်တော့မည်မဟုတ်ပေ။ ပုံမှန်အားဖြင့် ယင်း Features များသည် တစ်လလျှင် ၂၅ ဒေါ်လာနှုန်း ကျသင့်မည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး ရုပ်သံခေါ်ဆိုမှုများ မြင့်တက်လာခဲ့သည်။ Zoom ပလက်ဖောင်းကို ပြီးခဲ့သည့် ဧပြီတစ်လအတွင်း နေ့စဉ် သုံးစွဲသူ သန်း ၃၀၀ အထိရှိခဲ့ပြီး Google Meet ကို ထိုကာလတွင် ပျမ်းမျှ တစ်နေ့ကို လူသန်း ၁၀၀ သုံးစွဲခဲ့ကြောင်း သိရသည်။ (WP)