စက်တင်ဘာ ၃၀
WBA (Super) ၊ IBF ၊ WBO ၊ IBO အဖွဲ့ချုပ်တို့၏ ကမ္ဘာ့ဟဲဗီးဝိတ်တန်း လက်ရှိချန်ပီယံ အန်တိုနီဂျိုရှူအာသည် လာမည့် ဒီဇင်ဘာ ၁၂ ရက်တွင် ကူဘရက်နှင့် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်သွားရမည်ဖြစ်ပြီး ယင်းပွဲစဉ် အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် WBA (Gold) ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံ ဗြိတိန်လက်ဝှေ့သမား ဂျိုးဂျွိုက်စ်၏အကူအညီကိုရယူကာ အစမ်းထိုးသတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျိုးဂျွိုက်စ်သည် WBA (Gold) ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် ဗြိတိန်လက်ဝှေ့သမားတစ်ဦး ဖြစ်သည့် ဒန်နီရယ်လ်နှင့် ထိုးသတ်သွားရန်ရှိနေသည့်အတွက် အန်တိုနီဂျိုရှူအာနှင့် အစမ်းထိုးသတ်မည့် အစီအစဉ်ကို လက်ခံခဲ့ကြောင်း သိရသည်။
ထို့အပြင် နှစ်ဖက်အသင်းမှ တာဝန်ရှိသူများကြား ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အစမ်းလေ့ကျင့်မှုကို ရုပ်သံအစီအစဉ်မှ ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။
အစမ်းလေ့ကျင့်ထိုးသတ်သွားမည့်အချိန်ကို မကြာမီထုတ်ပြန်ပေးသွားမည်ဟု ဂျိုရှူအာ၏ Promoter အက်ဒီဟန်းက ပြောကြားခဲ့သည်။
(သူရိန်)