စက်တင်ဘာ ၃၀
မန်ယူနည်းပြ အိုလေဂန်နားဆိုးလ်ရှားက ဒီနွေစျေးကွက်မှာ ဗဟိုခံစစ်အတွက် ကစားသမားအသစ် ထပ်ခေါ်စရာမလိုပါဘူးလို့ဆိုပါတယ်။ အခုလိုခံစစ်ပိုင်းအားနည်းနေတာတွေ၊ ယိုယွင်းနေတာတွေဟာ အသင်းရဲ့အကောင်းဆုံးပုံစံကို မရသေးလို့သာဖြစ်ကြောင်းပြောခဲ့ပါတယ်။ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့အသင်းကိုရှုံးခဲ့သလို ပွဲစဉ် ၃ မှာလည်း အဝေးကွင်းမှာကံကောင်းစွာနဲ့ ပင်နယ်တီရရှိပြီး အနိုင်ရခဲ့တာပါ။ အထူးသဖြင့် ခံစစ်သမားတွေဖြစ်တဲ့ မက်ဂိုင်ယားနဲ့ လင်ဒီလော့တို့ အချိတ်အဆက်မမိ၊ တစ်ဦးချင်းအမှားတွေများ၊ အားနည်းချက်တွေများပြီး သွင်းဂိုးတွေကို အလွယ်တကူ ခွင့်ပြုနေရတာတွေကြောင့် မန်ယူပရိသတ်တွေက ခံစစ်ပိုင်းအားဖြည့်ဖို့လိုလားနေကြတာပါ။ နည်းပြ ဆိုးလ်ရှားကတော့ သူရဲ့ခံစစ်မှူးတွေကိုယုံကြည်နေဆဲပါ။ အသင်းပုံစံကောင်းသွားရင် ခံစစ်ပိုင်းတည်ငြိမ် လာနိုင်တာကြောင့် ကစားသမားအသစ်ခေါ်ဖို့မလိုကြောင်းပြောဆိုပါတယ်။ “ကျွန်တော့်အတွက်တော့ ခုချိန်ထိ အရမ်းကောင်းတဲ့ခံစစ်သမားတွေလုံလုံလောက်လောက်ရရှိထားတယ်လို့ မြင်ပါတယ်။ တစ်ဖက် အသင်းကို အခွင့်အရေးတွေပေးမိတဲ့အခါ အကြောင်းအရာအချို့ ပြန်ကြည့်သင့်ပါတယ်။ ဒါက အသင်းရဲ့ပုံစံ၊ တစ်ဦးချင်းအမှားတွေပါ။ ကျွန်တော့်အသင်းဟာ အကောင်းဆုံးပုံစံမရှိသေးပါဘူး။ ကျွန်တော်တို့ခံစစ်တွေက တစ်ဖက်အသင်းရဲ့ဖြတ်တင်ဘောတွေကို ကောင်းကောင်းမတားဆီးနိုင်သလို ပြိုင်ဖက်တိုက်စစ်သမားတွေ နောက်ကို အမီမပြေးလိုက်နိုင်ပါဘူး။ တစ်ဦးချင်းအမှားထက် ကစားပုံကနေတစ်ဆင့် မှားယွင်းခဲ့တဲ့အမှား ကပိုများပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာတော့ လင်ဒီလော့ရဲ့ ကစားပုံကောင်းတယ်လို့ထင်ပါတယ်”လို့ ရှင်းလင်း ပြောဆိုပါတယ်။
(SO)