နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် COVID-19 အတည်ပြုလူနာများကို နေရာချထားရန်အတွက် ရထားတွဲများကို အသုံးပြုရန် ပြင်ဆင်နေ

အိန္ဒိယနိုင်ငံတွင် ရထားတွဲအချို့ကို COVID-19 လူနာများ သီးသန့်ခွဲခြားနေထိုင်ရာ နေရာအဖြစ် ပြောင်းလဲအသုံးပြုရန် စီစဉ်လျက်ရှိသည်။ COVID-19 ကူးစက်ပျံ့နှံ့မှု မြင့်တက်လာနိုင်ဖွယ်ရှိ၍ အိန္ဒိယနိုင်ငံ အာဏာပိုင်များက ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပြင်ဆင်ထားရှိရန် တက်သုတ်ရိုက် ကြိုးပမ်းနေသည်။ COVID-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက အိန္ဒိယနိုင်ငံသား ၁ ဒသမ ၃ ဘီလျံအနေဖြင့် ရက်သတ္တသုံးပတ်ကြာကာလအတွင်း အိမ်ထဲတွင်သာ နေထိုင်ကြရန် တိုက်တွန်းထားသည်။ အိန္ဒိယနိုင်ငံ၏ အသက်သွေးကြောဟု တင်စားကြသည့် ရထားလမ်းကွန်ရက်ကိုလည်း ရပ်နားထားသည်။ ရထားတွဲတစ်တွဲကို အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး အဆောက်အအုံအဖြစ် ပြောင်းလဲထားကြောင်း အိန္ဒိယနိုင်ငံပိုင် Indian Railways က ထုတ်ပြန်ထားသည်။ ခွင့်ပြုချက်ရရှိပါက ရက်သတ္တပတ်တိုင်းတွင် အိန္ဒိယနိုင်ငံ၏ ရထားလမ်းဇုန်တစ်ခုချင်းစီတွင် ရထားတွဲ ၁၀ တွဲစီကို အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး အဆောက်အအုံအဖြစ် ပြောင်းလဲရန် စီစဉ်ထားကြောင်း Indian Railways က ဖြည့်စွက်ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ရထားလမ်းဇုန် ၁၆ ခုရှိကြောင်း Indian Railways ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ “ရထားလမ်းတွေကို သန့်ရှင်းမယ်၊ ပိုးသတ်ဆေးဖျန်းမယ်၊ လူနာတွေ ကျန်းမာရေး ပြန်ကောင်းလာတဲ့အထိ သက်သောင့်သက်သာ နေထိုင်လောက်မယ့် ပတ်ဝန်းကျင်မျိုး ဖန်တီးသွားမှာပါ’’ဟု ရထားလမ်း ဝန်ကြီး ပီယုရှ်ဂိုယယ်က ပြောသည်။ ရထားတွဲတစ်တွဲတွင် လူနာမည်မျှထားမည်ဆိုခြင်းကို ယင်းက အတိအကျ ပြောခဲ့ခြင်းမရှိပေ။ အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံထားရသူ ၉၁၈ ဦးရှိပြီး လူ ၁၉ ဦး သေဆုံးခဲ့သည်။ Ref:BBC (KNT)






အခြားဆက်စပ်သတင်းများ