နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ လှုပ်ရှားမှုအားလုံး ရပ်တန့်ခံရ

စက်တင်ဘာ ၂၉၊ နယူးဒေလီ


အိန္ဒိယအစိုးရက လက်တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယနိုင်ငံရှိ ယင်းတို့၏လှုပ်ရှားမှုများကို ရပ်တန့် ခိုင်းခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။ အိန္ဒိယအစိုးရက လူ့အခွင့်အရေး အဖွဲ့အစည်းများအပေါ် ဆုန်းခြောက်ရခြင်းကို ကျေနပ်နေသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲခဲ့သည်။ အိန္ဒိယနိုင်ငံရှိ ယင်းတို့၏ဘဏ်အကောင့်များ သိမ်းဆည်းခံရပြီး ဝန်ထမ်းများကိုလည်း အလုပ်မှ ရပ်စဲခိုင်းခဲ့ကြောင်း၊ ယင်းတို့၏လှုပ်ရှားမှုနှင့် သုတေသနလုပ်ငန်းများအားလုံးလည်း ဆိုင်းငံ့ခံခဲ့ရကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။


အဆိုပါစွပ်စွဲချက်များအပေါ် အိန္ဒိယအစိုးရက တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးပေ။ ပြီးခဲ့သည့်ဖေဖော်ဝါရီလက ဟိန္ဒူနှင့် မွတ်စလင်များကြား ဘာသာရေးအဓိကရုဏ်း ဖြစ်ပွားခဲ့ချိန်အတွင်း နယူးဒေလီမြို့ရှိ ရဲတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။


သို့သော် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာမှာ တစ်ဖက်သတ်ဆန်ပြီး ဘက်လိုက်ရာရောက်ကြောင်း၊ ထိခိုက်နစ်နာစေလိုသည့် ရည်ရွယ်ချက်ရှိကြောင်း နယူးဒေလီမြို့ ရဲတပ်ဖွဲ့က တုံ့ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံက စီမံခန့်ခွဲနေသည့် ကက်ရှ်မီးယားဒေသကို အထူးအုပ်ချုပ်ခွင့် ပြန်လည်ရုပ်သိမ်းသည့် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့်သြဂုတ်လအစောပိုင်းတွင် ထိန်းသိမ်းခံနိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များ အားလုံးကို ပြန်လွှတ်ပေးပြီး မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှု ပြန်ပေးရန် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ