နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အန္တရာယ်ဖြစ်စေနိုင်သည့်ပစ္စည်းများ ပါဝင်နေ၍ သီရိလင်္ကာနိုင်ငံက ဗြိတိန်နိုင်ငံသို့ စွန့်ပစ်ပစ္စည်း ကွန်တိန်နာ ၂၁ လုံး ပြန်ပို့

စက်တင်ဘာ ၂၈၊ ကိုလမ်ဘို


အန္တရာယ်ဖြစ်စေနိုင်သည့်ပစ္စည်းများ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပြီးနောက် သီရိလင်္ကာနိုင်ငံက ပြန်လည်အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်း ကွန်တိန်နာ ၂၁ လုံးကို ဗြိတိန်နိုင်ငံသို့ ပြန်လည်ပေးပို့ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ပုဂ္ဂလိကလုပ်ငန်းစုတစ်ခုက တင်သွင်းခဲ့သည့် ကွန်တိန်နာ ၂၆၃ လုံးအနက် အများစုတွင် ဆေးရုံသုံးစွန့်ပစ္စည်းများ၊ ပလတ်စတစ်များ၊ ပိုလီအီသိုင်း(ကြွပ်ကြွပ်အိတ်များ)များ တွေ့ရှိခဲ့ကြောင်း အကောက်ခွန်အရာရှိများက ပြောသည်။


အဆိုပါကွန်တိန်နာများတွင် မွေ့ရာအဟောင်းများ၊ ကော်ဇောများ၊ အမွေးပွအခင်းများ ပါဝင်လာမည်ဟု ယူဆပြီး တင်သွင်းခဲ့ခြင်းဖြစ်သည်။
ကွန်တိန်နာအများစုကို ဂိုဒေါင်များတွင် သိုလှောင်ထားခဲ့ပြီး ပစ္စည်းအနည်းငယ်ကိုသာ ပြန်ပို့နိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် သီရိလင်္ကာအာဏာပိုင်များက အဆိုပါပစ္စည်းများကို သိမ်းဆည်းပြီး ဥပဒေအရ ရင်ဆိုင်ခဲ့သည်။


ပြီးခဲ့သည့်စနေနေ့တွင် စွန့်ပစ်အမှိုက်များ ပါဝင်သည့် ကွန်တိန်နာ ၂၁ လုံး တင်ဆောင်ထားသော သင်္ဘောမှာ သီရိလင်္ကာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ အဆိုပါတင်သွင်းမှုမှာ အန္တရာယ်ဖြစ်စေနိုင်သည့်ပစ္စည်းများ နှင့် စွန့်ပစ်မှုဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ၊ ဥရောပသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာရောက်သည်ဟု အကောက်ခွန်ဌာန ပြောရေးဆိုခွင့်ရှိသူ ဂျာယာရတနီက ပြောသည်။


အာရှတိုက်ရှိ အခြားနိုင်ငံများမှာလည်း ပြည်ပနိုင်ငံများ၏ စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပေးပို့ခဲ့သည်။ ပြီးခဲ့သည့်ဇန်နဝါရီလတွင် မလေးရှားနိုင်ငံက တရားမဝင်တင်ပို့သည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်း ကွန်တိန်နာ ၄၂ လုံးကို ဗြိတိန်နိုင်ငံသို့ ပြန်လည်ပေးပို့ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ