နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ဘီလျံနာက သက်ရှိထင်ရှားရှိနေချိန်တွင် ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းနေ

စက်တင်ဘာ ၂၈၊ ဝါရှင်တန်


အမေရိကန်နိုင်ငံမှ ဘီလျံနာတစ်ဦးမှာ သက်ရှိထင်ရှားရှိနေစဉ်ကာလအတွင်း ယင်း၏ ပိုင်ဆိုင်မှု အားလုံးကို လှူဒါန်းလျက်ရှိသည်။ အသက် ၈၉ နှစ်ရှိသည့် အမေရိကန်စီးပွားရေးသမား ချက်ဖီနေးမှာ လွန်ခဲ့သည့်ဆယ်စုနှစ်လေးခုအတွင်း ယင်း၏ပုဂ္ဂလိကဖောင်ဒေးရှင်းဖြစ်သည့် Atlantic Philanthropies မှတစ်ဆင့် မြောက်အိုင်ယာလန်နိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၅၇၀ ပေးလှူခဲ့ပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ ၉ ဘီလျံနီးပါး လှူဒါန်းထားသည်။


ချက်ဖီနေးကို မဟာစီးပွားပျက်ကပ် ကြုံတွေ့နေသည့် ၁၉၃၁ ခုနှစ်က နယူးဂျာစီပြည်နယ်တွင် အိုင်ယာလန်နွယ်ဖွား အမေရိကန်မိဘများမှ မွေးဖွားခဲ့သည်။ ယင်း၏မိခင်မှာ သူနာပြုတစ်ဦးဖြစ်ပြီး ဖခင်မှာ အသက်အာမခံစာရေးတစ်ဦးဖြစ်သည်။


ကမ္ဘာတစ်ဝန်းမှ ခရီးသွားများကို တန်ဖိုးကြီး အခွန်လွတ်ကုန်ပစ္စည်းများ ရောင်းချသည့် စွန့်ဦးတီထွင်လုပ်ငန်းမှ ဝင်ငွေသောက်သောက်လဲရရှိခဲ့သည့် ချက်ဖီနေးမှာ ယင်းရှာဖွေခဲ့သည့် ဥစ္စာဓနများကို ဖက်တွယ်ထားလိုစိတ်မရှိဘဲ မသေခင်အချိန်အတွင်း ပိုင်ဆိုင်မှုအားလုံး လှူဒါန်းရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် Atlantic Philanthropies ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး အများပြည်သူ ကောင်းကျိုးချမ်းသာ ခံစားရစေမည့် စီမံကိန်းများအတွက် ငွေကြေးလှူဒါန်းပေးခဲ့သည်။ ယင်း၏ဖောင်ဒေးရှင်းမှာ ကျန်းမာရေး၊ ပညာရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ လူ့အခွင့်အရေး စသည့်ကိစ္စရပ်များအတွက် အဓိကဦးတည်ဆောင်ရွက်ပေးခဲ့သည်။


ချက်ဖီနေးမှာ သားသမီး ၅ ဦးရှိပြီး ယင်းတို့အတွက် ဇနီးဖြစ်သူထံမှတစ်ဆင့် ငွေကြေးအထိုက်အလျောက် ချန်ထားပေးရန် စီစဉ်ထားသည်။ လက်ရှိအချိန်တွင် ချက်ဖီနေးက ဆန်ဖရန်စစ္စကိုမြို့ရှိ အိပ်ခန်း ၂ ခန်းပါ နေအိမ်ငယ်တွင်သာ ရိုးရိုးကုပ်ကုပ် နေထိုင်ပြီး နှစ် ၄၀ နီးပါး ကာလအတွင်း လှူဒါန်းမှုအများအပြား လုပ်နိုင်ခဲ့ခြင်းကြောင့် ပျော်ရွှင်ပီတိဖြစ်နေသည်ဟု ယင်း၏အတ္ထုပ္ပတ္တိကိုရေးသားသည့် စာရေးဆရာက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ