နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကဆက်ပြည်နယ်ရှိ မြို့တစ်မြို့တွင် ဦးနှောက်စား အမီးဘားပိုးမွှား ပါဝင်နေဖွယ်ရှိ၍ ဘုံပိုင်ရေ မသုံးကြရန် သတိပေး

စက်တင်ဘာ ၂၇၊ ဝါရှင်တန်


ဦးနှောက်ကို ကိုက်ဖြတ်စားသောက်ပြီး သေစေနိုင်သည့် အမီးဘား ပိုးမွှားပါဝင်နေနိုင်ဖွယ်ရှိ၍ တက္ကဆက်ပြည်နယ် လိတ်ခ်ဂျက်ဆင်မြို့တွင် နေထိုင်သူများအနေဖြင့် ဘုံပိုင်ရေကို အသုံးမပြုကြရန် တိုက်တွန်းထားသည်။ လူဦးရေ ၂၇၀၀၀ ရှိသည့် လိတ်ခ်ဂျက်ဆင်မြို့သို့ ပေးဝေသည့် ရေတွင် Naegleria fowleri ဟု အမည်ပေးထားသည့် ဦးနှောက်စား အမီးဘား ပါဝင်နေနိုင်သည်ဟု ဒေသခံရေပေးဝေ ရေးအာဏာပိုင်အဖွဲ့က သတိပေးထားသည်။ 

ရေထဲတွင် ရှိနေသည့် အမီးဘားမှာ နှာခေါင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်ပြီး သေစေနိုင်သည်။ သို့သော် အမေရိကန်နိုင်ငံတွင် အမီးဘားပိုး ဝင်ရောက်မှုမှာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ၃၄ ကြိမ်သာ ဖြစ်ပွားခဲ့ဖူးသည်။ အိမ်သာရေဆွဲချခြင်းမှတပါး အခြားမည်သည့်ကိစ္စအတွက်မဆို ဘုံပိုင်ရေကို အသုံးမပြုကြရန် ပြီးခဲ့သည့်သောကြာနေ့က တက္ကဆက်ပြည်နယ်ရှိ နယ်ပယ် ၈ ခုတွင် သတိပေးထားသည်။ သို့သော် စနေနေ့တွင် လိတ်ခ်ဂျက်ဆင်မြို့မှလွဲ၍ အခြားနယ်ပယ် ၇ ခုတွင် အဆိုပါသတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ အဆိုပါသတိပေးကြေညာချက်မှာ အချိန်မည်မျှကြာမြင့်မည်ဟု မသိရသေးပေ။ Naegleria fowleri အမီးဘားကို ကမ္ဘာတစ်ဝန်းတွင် တွေ့ရှိနိုင်ပြီး အမေရိကန်နိုင်ငံတွင် ဖြစ်ပွားသည့် အမီးဘားပိုး ဝင်ရောက်မှုများမှာ တောင်ပိုင်းပြည်နယ်များရှိ ရေချိုကန်များတွင် ဖြစ်ပွားခြင်းဟု ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ပြောသည်။ Naegleria fowleri အမီးဘားပိုး ဝင်ရောက်ခံရပါက ဖျားခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ နောက်ကျောကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း စသည့်ရောဂါလက္ခဏာများ ဖြစ်ပွားလေ့ရှိပြီး အများစုမှာ ရက်သတ္တပတ်အတွင်း သေဆုံးလေ့ရှိသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ