စက်တင်ဘာ ၂၇
လီဗာပူးနည်းပြ ကလော့က အာဆင်နယ်နဲ့ပွဲမှာ သီယာဂိုကို ထုတ်သုံးမယ်ဆိုတဲ့ အာမခံချက် မပေးခဲ့ပါဘူး။ ချဲလ်ဆီးနဲ့ပွဲတုန်းက သီယာဂို ၄၅ မိနစ်ခန့် ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် သီယာဂိုဟာ လီဗာပူးအသင်းရဲ့ နည်းစနစ်နဲ့ ပွဲချဉ်းကပ်ပုံတွေ လေ့လာရဦးမှာဖြစ်ပါတယ်။ သီယာဂိုဟာ အရေးပါတဲ့နည်းစနစ်တွေအတွက် အဓိကကျတဲ့ကစားသမားဖြစ်ကြောင်း လင်ဒါးက ရှင်းပြထားပါတယ်။
ပပ်လင်ဒါးက “အသင်းကောင်းတွေက ကစားသမားကောင်းတွေပိုင်ဆိုင်ထားဖို့လိုပါတယ်။ လီဗာပူးဟာ လည်း ကစားသမားကောင်းတွေ အင်အားဖြည့်နိုင်တာမျိုးနဲ့ ထိုက်တန်ပါတယ်။ သီယာဂိုက အသင်းနဲ့အတူ နောက်ထပ်အဆင့်တွေကိုရောက်ဖို့ ပါဝင်သွားမှာဖြစ်ပြီး နောက်ခြေလှမ်းသစ်တွေလုပ်ဆောင်သွားမှာပါ။ ဒါမျိုး ကျွန်တော်တို့ လိုပါတယ်။ အနီးအနားကအသင်းတွေကလည်း ပိုမိုသန်မာလာကြပါတယ်။ ကျွန်တော်တို့ ဘယ်လိုကစားတယ်ဆိုတာထက် ကျွန်တော်တို့ ကစားဟန်ကို ဘယ်လိုဖျက်ဆီးရမယ်ဆိုတာအတွက် သူတို့မှာ အစီအစဉ်တွေရှိနေပါတယ်။ အရေးကြီးတာက ကျွန်တော်တို့အသင်းကလည်း ကြိုတင်ခန့်မှန်းလို့မရတဲ့ အနေအထားမှာ ဆက်ရှိနေဖို့ပါ။ နေရာတိုင်းကနေ ကျွန်တော်တို့ နောက်ဆုံးပေးမှုတွေလုပ်နိုင်ဖို့ အနီးပေး၊ အတိုပေးတွေကနေ ဖြစ်နိုင်သလောက် ဘောလုံးကို ခပ်မြန်မြန်ပေးနိုင်ဖို့ဆိုတဲ့ကိစ္စတွေကို သေချာလုပ်ဖို့ လိုပါတယ်။ ကြိုတင်ခန့်မှန်းရမလွယ်ခြင်း၊ လိုအပ်သလိုအရှိန်မြှင့်ပေးနိုင်ခြင်း၊ နေရာတိုင်းကနေ နောက်ဆုံး ပေးမှုကို လုပ်နိုင်ခြင်းဆိုတဲ့ အရေးကြီးဆုံးကိစ္စသုံးခုအတွက် သီယာဂိုက ကျွန်တော်တို့ကို ပူးပေါင်းကူညီသွား မယ့်သူဖြစ်ပါတယ်။ ရောက်လာတော့မယ့်ပြဿနာတွေအတွက် ဖြေရှင်းစရာနည်းလမ်းအဖြစ် သူ့ကို ခေါ်နိုင်ခဲ့ ခြင်းဖြစ်ဖို့ မျှော်လင့်ထားပါတယ်”လို့ ဆိုခဲ့ပါတယ်။
(SO)