နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အူရီဒူးမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများဖြင့် ဆက်လက်ကူညီပံ့ပိုး

ရန်ကုန် ဧပြီ ၂၅ လူမှုပတ်ဝန်းကျင်ကို တာဝန်သိတတ်သော မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် အူရီဒူးမြန်မာသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်သည့် COVID-19 ကို အတူတကွ တိုက်ဖျက်ရန်အတွက် အဓိက ကျပြီး လိုအပ်သောနေရာများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။ COVID-19 တိုက်ဖျက်ရေးကြိုးပမ်းမှုတွင် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ စောင့်ကြည့်လူနာများထားရှိရာ စောင့်ကြပ်ကြည့်ရှု စင်တာများတွင် ထားရှိသော အသွားအလာကန့်သတ်ခြင်း ခံထားရသူများအနေဖြင့် အန္တရာယ်ကင်းစွာ အချင်းချင်း အဆက်အသွယ်မပြတ်စေရေးအတွက် အသုံးပြုနိုင်ရန် အူရီဒူးမြန်မာမှ ဒေတာ နှင့် TopUp များပါရှိသည့် ဆင်းကတ် ၁၃,ဝ၀ဝ ကျော်ကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရထံသို့ပေးအပ်ပြီး ကူညီ လှူဒါန်းခဲ့ကြောင်းသိရသည်။ အူရီဒူးသည် ဆင်းကတ်များလှူဒါန်းမှုအပြင် အများပြည်သူများအနေဖြင့် COVID-19 ကူးစက် ကပ်ရောဂါဘေး ရင်ဆိုင်နေရစဉ်ကာလအတွင်း စိတ်ဓာတ်‌ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ စင်တာသို့ အခမဲ့ဖုန်းခေါ်ဆိုပြီး နှစ်သိမ့်ဆွေးနွေးမှုများရယူနိုင်ရန်နှင့် COVID-19 နှင့်ပတ်သက်သည့် စုံစမ်းမေးမြန်မှုများ (သို့) နောက်ဆုံးရသတင်းအချက်အလက်များကို တာဝန်ရှိပုဂ္ဂိုလ်ထံ ဖုန်းခေါ်ဆို မေးမြန်းနိုင်ရန်အတွက် အခပေးရန်မလိုသည့် (Toll Free call) ဝန်ဆောင်မှုကိုလည်း ပံ့ပိုးပေးအပ်လျက်ရှိသည်။ အက်ပလီကေးရှင်းမှတစ်ဆင့် ဆောလျင်စွာ ကုသမှုခံယူရန်နည်းလမ်းများနှင့် လူမှုပတ်ဝန်းကျင်အတွင်း COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် COVID-19 ကူးစက် ခံရနိုင်ခြေရှိသူများ၏ ကျန်းမာရေးအခြေအနေများကို ကျန်းမာရေးဝန်ထမ်းများမှ စောင့်ကြပ်ကြည့်ရှုနိုင်ရန် (သို့) COVID-19 နှင့် ပတ်သက်သည့် အခြေအနေများကို ပေးပို့တင်ပြနိုင်ရန်အတွက် “စောစောရှာ” ဆိုသည့် မိုဘိုင်းအက်ပလီကေးရှင်းကို ပြည်သူများရယူအသုံးပြုနိုင်ရန် အူရီဒူးမြန်မာမှ ဒေတာအသုံးပြုခ မကုန်ဘဲ အခမဲ့ ဒေါင်းလုဒ်ရယူနိုင်ရန် နှင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။ အသုံးပြုသူများမှ သွားလာခဲ့သောနေရာများမှ COVID-19 ကူးစက်ခံရမှုအခြေအနေကိုပါ အကြောင်းကြားပေးပို့နိုင်မည် ဖြစ်သည်။ အူရီဒူးမြန်မာမှလည်း ပြည်သူများအနေဖြင့် အတူတကွပူးပေါင်းပါဝင်ကူညီပြီး လှူဒါန်းမှုပြုလုပ် နိုင်ရန်အတွက် ဖုန်းဘီလ်ထဲမှ ၅၀ဝ ကျပ် (သို့) ၁၀ဝ၀ ကျပ်ကို SMS ဖြင့် လှူဒါန်းနိုင်ရန် 500 သို့ 1000 ဟု ရိုက်နှိပ်ပြီး 9900 သို့ SMS ပေးပို့နိုင်ရန် လုပ်ဆောင်ပေးထားသည်။ ပြည်သူများမှ လှူဒါန်းငွေများကို အူရီဒူးမြန်မာမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ပေးပို့လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ