နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရန် ရုရှားနိုင်ငံတွင် အလုပ်မလုပ်ရ ရက်သတ္တပတ်စတင်

COVID-19 ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရန် ကြိုးပမ်းသည့်အနေဖြင့် ရုရှားနိုင်ငံတွင် အလုပ်မလုပ်ရ ရက်သတ္တပတ် စတင်ဖော်ဆောင်ခဲ့သည်။ ရုရှားပြည်သူများအနေဖြင့် အိမ်တွင်သာ နေထိုင်ကြရန် အစိုးရက တိုက်တွန်းထားသည်။ သို့သော် မတူညီသည့် ထုတ်ပြန်ချက်များကြောင့် ရုရှားနိုင်ငံသားများ စိတ်ရှုပ်ထွေး စရာဖြစ်ခဲ့သည်။ ကျန်းမာရေးဆိုင်ရာ အခြေအနေအပေါ် မူတည်၍ ကန့်သတ်ချက်အသစ်များကို ဧပြီလ ၅ ရက် ကျော်လွန်သည့်အထိ သက်တမ်းတိုးမြှင့်သွားနိုင်သည်ဟု ရုရှားနိုင်ငံ အရာရှိများက အရိပ်အမြွက် ဆိုခဲ့သည်။ ပြီးခဲ့သည့်သောကြာနေ့က ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းအချက်အလက်များအရ ရုရှားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၁၀၀၀ ကျော် ရှိလာခဲ့ပြီး ကူးစက်ခံရသူအများစုမှာ မော်စကိုမြို့တွင် နေထိုင်သူများဖြစ်သည်။ ဥရောပတိုက်ရှိ အခြားနိုင်ငံများ၏ COVID-19 ကူးစက်ခံရသူ အရေအတွက်နှင့် နှိုင်းယှဉ်ပါက ရုရှားနိုင်ငံတွင် ကူးစက်ပျံ့နှံ့မှု ဆိုးဆိုးရွားရွား ဖြစ်ပွားနေခြင်းမရှိဟု ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်း၏ သတင်းချန်နယ်တစ်ခုကလည်း We’re Staying Home ဟု အမည်ပြောင်းလဲခဲ့ပြီး အစီအစဉ်တင်ဆက်သူများက ယင်းတို့၏ နေအိမ်ဧည့်ခန်းများအတွင်းမှ သတင်းတင်ဆက်လျက်ရှိသည်။ ရုရှားနိုင်ငံမှ ဝန်ထမ်းအားလုံးအတွက် လစာအပြည့်ပေးပြီး ရက်သတ္တပတ်ကြာ ခွင့်ပေးမည်ဟု ရုရှားသမ္မတ ပူတင်က ကြေညာခဲ့သည်။ ဆိုချီမြို့ ပင်လယ်နက် အပန်းဖြေစခန်းတည်ရှိရာ ခရက်စ်နိုဒါဒေသ အုပ်ချုပ်ရေးမှူးက ဈေးဝယ်စင်တာများ၊ ပန်းခြံများ၊ စားသောက်ဆိုင်များအားလုံးကို ပိတ်သိမ်းရန် ညွှန်ကြားထားပြီး လေကြောင်းခရီးစဉ် အရေအတွက်ကိုလည်း ကန့်သတ်ခဲ့သည်။ ခရက်စ်နိုဒါဒေသတွင် ဟိုတယ်အခန်း မှာယူမှုများ တဟုန်ထိုးမြင့်တက်ခဲ့ပြီးနောက် ခရက်စ်နိုဒါဒေသ အုပ်ချုပ်ရေးမှူးက ယင်းကဲ့သို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ Ref:BBC (KNT)






အခြားဆက်စပ်သတင်းများ