နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဆိုသည့် အမည်ကြောင့် လှောင်ပြောင်ခံခဲ့ရသည့် ကလေးငယ်ကို တွမ်ဟန့်ခ် လက်ဆောင်တစ်ခု ပေးပို့

ဧပြီ ၂၄၊ ဆစ်ဒနီ ကိုရိုနာဆိုသည့် အမည်ကြောင့် လှောင်ပြောင်ခံခဲ့ရသည့် အသက် ရှစ်နှစ်အရွယ် သြစတြေးလျကလေးငယ် တစ်ဦးကို ကမ္ဘာကျော်မင်းသားကြီး တွမ်ဟန့်ခ်က စာတစ်စောင်နှင့်အတူ ကိုရိုနာအမှတ်တံဆိပ် လက်နှိပ်စက်တစ်လုံး လက်ဆောင်ပေးခဲ့သည်။ သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်သို့ ရိုက်ကူးရေးသွားခဲ့သည့် တွမ်ဟန့်ခ်နှင့် ဇနီးဖြစ်သူ ရီတာဝီလ်ဆန် တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်။ ထိုစဉ်က ယင်းတို့ထံသို့ ပထမဆုံး စာရေးသားပေးပို့ခဲ့သူမှာ ကိုရိုနာဒီဗရိုင်းစ်ဆိုသည့် ရှစ်နှစ်သားကလေးငယ်ဖြစ်သည်။ ''ဦးလေးတို့ လင်မယားနှစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်ဆိုတဲ့ သတင်းကြားတယ်။ အဆင်ပြေကြရဲ့လား''ဟု ကိုရိုနာဒီဗရိုင်းစ်က ရေးသားခဲ့သည်။ ယင်းအနေဖြင့် ကိုရိုနာဆိုသည့် နာမည်ကို သဘောကျသော်လည်း အတန်းဖော်များက ယင်းကို ကိုရိုနာဗိုင်းရပ်စ်ဟု ခေါ်ကြချိန်တွင် အလွန်ဝမ်းနည်းပြီး ဒေါသထွက်မိသည်ဟု ကိုရိုနာဒီဗရိုင်းက ပြောသည်။ ''မိတ်ဆွေလေး ကိုရိုနာရေ။ သား ရေးလိုက်တဲ့စာကြောင့် ဦးတို့လင်မယားနှစ်ယောက်လုံး အံ့အားသင့် ပျော်ရွှင်ရပါတယ်။ ဦးတို့အတွက် သူငယ်ချင်းကောင်းဖြစ်ပေးလို့ ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတွေဆိုတာ တစ်ယောက် နိမ့်ပါးနေချိန်မှာ ဖေးမကူညီရတယ်။ ဦးသိတဲ့ သူတွေထဲမှာ ကိုရိုနာလို့ အမည်ရတဲ့သူက သားတစ်ယောက်ပဲ ရှိတယ်။ ကိုရိုနာဆိုတာ နေမင်းကြီးရဲ့ ဘေးပတ်လည်က အလင်းရောင်စက်ကွင်းလို သရဖူလို့ အဓိပ္ပာယ်ရပါတယ်''ဟု တွမ်ဟန့်ခ်က စာပြန်ခဲ့သည်။ တွမ်ဟန့်ခ်မှာ ကွင်းစ်လန်းပြည်နယ်တွင် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံနေရချိန်က အသုံးပြုခဲ့သည့် ကိုရိုနာအမှတ်တံဆိပ် လက်နှိပ်စက်ကို ကိုရိုနာဒီဗရိုင်းစ်ထံ ပေးပို့ခဲ့သည်။ တွမ်ဟန့်ခ်တို့ ဇနီးမောင်နှံမှာ ပြီးခဲ့သည့်မတ်လက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသော်လည်း ရက်သတ္တသုံးပတ်အကြာတွင် ပြန်သက်သာလာ၍ အမေရိကန်နိုင်ငံသို့ ပြန်ခဲ့ကြသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ