နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ လူနာများအား သွေးရည်ကြည်ဖြင့် ကုသခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာများအား ရှင်းလင်း

ရန်ကုန်  ဩဂုတ်  ၂၂


COVID-19 လူနာများအား  သွေးရည်ကြည်ဖြင့်ကုသခြင်းနှင့်ပတ်သက်၍ လက်ရှိအခြေအနေနှင့်  ရှေ့လုပ်ငန်းစဉ်များအကြောင်း  သတင်းမီဒီယာများကို ဩဂုတ် ၂၁ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ဆေးသုတေသနဦးစီးဌာန၌ ရှင်းလင်းတင်ပြခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ မီဒီယာများသို့ပေးပို့သော  သတင်းစကားကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဇော်သန်းထွန်းက ပြောကြားခဲ့သည်။ ထို့နောက်  ကုသရေး Ad-hoc အကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဦးရဲမြက သွေးရည်ကြည်ဖြင့် COVID-19 လူနာများအား   ကုသခြင်းကိစ္စအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်းကို  ရှင်းလင်းသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဧပြီ ၁၆ ရက်တွင် COVID-19 ရောဂါ ခံစားရပြီး ပြန်လည်ကောင်းမွန်လာသူများ၏ သွေးရည်ကြည်နှင့် လက်ရှိဝေဒနာခံစားနေရသူများအား ကုသရန် Ad-hoc ကော်မတီတစ်ခုကို ပါမောက္ခဦးရဲမြအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်၍ အဖွဲ့ဝင် ၁၂ ဦးဖြင့်  ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။

အဆိုပါအဖွဲ့အနေဖြင့် ဆေးပညာအတွေ့အကြုံရင့်ကျက်မှုနှင့်   နိုင်ငံတကာလေ့လာမှုများ ပေါင်းစပ်ကာ ရောဂါဖြစ်ပွားပြီး ပြန်လည်ကောင်းမွန်လာသော အချို့ သွေးရည်ကြည်အလှူရှင်များ၏ သွေးရည်ကြည်နှင့် ကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ အဖွဲ့အနေဖြင့် ကုသရေးနှင့်ပတ်သက်သည့် ကျင့်ဝတ်ဆိုင်ရာ ခွင့်ပြုချက်ကို  မေ ၈ ရက်တွင်ရရှိခဲ့ပြီး ဝေဘာဂီဆေးရုံတွင် သွေးလှူဘဏ်ခွဲတစ်ခုကို စတင်ထူထောင်ခဲ့သည်။ ယင်းနောက်  ရောဂါလက္ခဏာပြင်းထန်ခဲ့ပြီး  ပြန်လည်ကောင်းမွန်လာသူများထံမှ သွေးရည်ကြည်ကို အလှူခံခဲ့သည်။ ထို့နောက် မေ ၂၅ ရက်နေ့မှစ၍  ရောဂါလက္ခဏာပြင်းထန်သောလူနာများကို  ကုသပေးခဲ့ရာ  လူနာ ရှစ်ဦးအထိ ကုသပေးခဲ့ရသည်။

ထိုသို့  လူနာများအား ကုသမှုပေးခဲ့ရာတွင်  သွေးရည်ကြည်တစ်မျိုးတည်းဖြင့်ကုသပေးခြင်းမဟုတ်ဘဲ     အခြားဆေးဝါးများ၊   အထူးကုဆရာဝန်ကြီးများ၊  အထူးကြပ်မတ်ကုသခန်းများဖြင့် ပါဝင်ကုသပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။   

ယခုအခါ ကုသမှုခံယူခဲ့သော လူနာ ရှစ်ဦးအနက် လေးဦးကို ဆေးရုံမှဆင်းခွင့်ပြုပေးခဲ့ပြီး ကျန် လေးဦးမှာ ပြန်လည်ကျန်းမာလာသော်လည်း   အခြေခံရောဂါများကို   ဆက်လက်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ 

COVID-19 ရောဂါဖြစ်ပွားသူလူနာများအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပါမောက္ခဦးရဲမြက “ COVID-19  ကူးစက်ခံရတဲ့လူနာကို  ရောဂါပြင်းထန်သည်ဖြစ်စေ၊    မပြင်းထန်သည်ဖြစ်စေ သူတို့ရဲ့သွေးရည်ကြည်ကို တိုင်းကြည့်မယ်။ ဒီသွေးရည်ကြည်မှာ ပဋိပစ္စည်းပမာဏများတယ်ဆိုရင် သူတို့ကို အလှူခံမှာပါ။ အဲဒီလိုအလှူခံပြီး သိမ်းထားမယ်။ တစ်နှစ်လောက်အထိ သိမ်းထားလို့ရတယ်။ အခုတော့ မလိုသေးဘူး။ မတော်တဆများ လူနာ ၁၀ ယောက်လောက် ရောက်လာခဲ့ရင် သုံးဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားချင်ပါတယ်”ဟု  ပြောသည်။ 

ဆက်လက်၍  မြန်မာနိုင်ငံ၌ SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲလာခြင်းနှင့်ပတ်သက်၍ ဆေးသုတေသနဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဇော်သန်းထွန်းက သတင်းမီဒီယာများအား    အသိပေး ပြောကြားသည်။

ဆေးသုတေသနဦးစီးဌာနသည် ဧပြီလ   ၂၃  ရက်နေ့မှစတင်ကာ COVID-19   ရောဂါကို   မော်လီကျူး နည်းပညာဖြင့်  ဓာတ်ခွဲစစ်ဆေးပေး ခဲ့ရာ   ဓာတ်ခွဲနမူနာပေါင်း   ပျမ်းမျှ တစ်နေ့လျှင် ၂၀ဝ-၃၀ဝ ခန့်ကို လက်ခံ စစ်ဆေးပေးလျက်ရှိသည်။  ဩဂုတ်  ၁၆  ရက်အထိ  ဓာတ်ခွဲနမူနာပေါင်း နှစ်သောင်းကျော်ကို  စစ်ဆေးပေးခဲ့ပြီး   ပိုးတွေ့လူနာ    ၁၁၀   ကို   ရှာဖွေ ဖော်ထုတ်ပေးနိုင်ခဲ့သည်။   မျိုးရိုးဗီဇတစ်ခုလုံးကို လေ့လာနိုင်ခြင်းအားဖြင့်  ဗိုင်းရပ်စ်၏    ရောဂါကူးစက်ပျံ့နှံ့မှု၊  အခြားနိုင်ငံများတွင်ဖြစ်ပွားသည့်ပိုးနှင့် မျိုးဗီဇဆင်တူမှု၊   ရောဂါပြင်းထန် စေနိုင်မှုပမာဏတို့နှင့် ဗီဇဆက်နွှယ်မှုများကို  လေ့လာသိရှိနိုင်သည်။

မြန်မာနိုင်ငံ  ဆေးသုတေသန သုတေသီများအနေဖြင့် နိုင်ငံတွင်းတွေ့ရှိသည့်  SARS-CoV-2 ပိုး၏ မျိုးဗီဇ တစ်ခုလုံးကိုစစ်ဆေးနိုင်သည့် နည်းပညာကို မေလမှစတင်ကြိုးစားခဲ့ရာ   လေကြောင်းလိုင်းအခက်အခဲကြောင့်                                                                              ဓာတ်ခွဲပစ္စည်းများရရှိမှုနှောင့်နှေးခဲ့ရသည်။

ဓာတ်ခွဲပစ္စည်းများရရှိသည်နှင့် ချက်ချင်းလေ့လာဆောင်ရွက်ခဲ့ရာ  ပိုးတွေ့ဓာတ်ခွဲနမူနာများထဲမှ ဗိုင်းရပ်စ်ပိုး    အရေအတွက်များသည့် နမူနာများကို ရွေးချယ်ကာ ပြည်တွင်းကူးစက်မှုဖြစ်ပေါ်ခဲ့သော လူနာများနှင့် ပြည်ပမှ   ပြန်လည်ဝင်ရောက်လာသူ များထံမှ  ပိုးတွေ့ဓာတ်ခွဲနမူနာ ၁၀ ခု ကို စိစစ်ကာ   SARS-CoV-2 ၏ မျိုးဗီဇတစ်ခုလုံးကို  အဆင့်မြင့်မျိုးဗီဇ စစ်ဆေးစက်ဖြင့် လေ့လာဆောင်ရွက် ခဲ့ကြောင်း သိရသည်။   ဗိုင်းရပ်စ်၏ မျိုးဗီဇတစ်ခုလုံးကို အောင်မြင်စွာဖော်ထုတ်နိုင်ခဲ့သည့်အတွက် နိုင်ငံတကာအသိအမှတ်ပြု (US NCB/ NIH) database တွင်  တင်သွင်းကာ  စိစစ်မှုခံယူနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲနမူနာ ၁၀ ခု  စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံအတွင်း ရောဂါပိုးဇီဝမျိုးကွဲများ   ဝင်ရောက်ခဲ့ကြောင်း   သိရှိရပြီး ပြည်တွင်းကူးစက်မှုဖြစ်ပေါ်ခဲ့သော ဓာတ်ခွဲနမူနာ ငါးခုအနက် တစ်ခုတွင်သာ   G614   ဗီဇပြောင်းလဲမှုတွေ့ရှိ သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားခြင်းမရှိခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။ 

သို့သော် ပြည်ပမှပြန်ရောက်လာသူများထံမှရသည့် ဓာတ်ခွဲနမူနာ  ၅  ခုလုံးတွင် G614 ဗီဇပြောင်းလဲမှုကို တွေ့ရှိခြင်းကြောင့်   ထိုကူးစက်မှုမြန်သည့်   ပိုးအမျိုးအစားများမှ ပြည်တွင်းကူးစက်မှုများဖြစ်ပေါ်လာပါက   ဒုတိယလှိုင်းဖြစ်နိုင်ချေရှိသည်ကို  အထူးသတိပြုရန် လိုအပ်လျက်ရှိကြောင်း သိရသည်။


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ