နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘုရင့်နောင်ပွဲရုံအတွင်း အရောင်းအဝယ်ပြန်လည် လည်ပတ်လာ

ရန်ကုန်  ဩဂုတ်  ၄


ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံများတွင် ကုန်စည်ရောင်းဝယ်မှုများ ပြန်လည်၍ လည်ပတ်လာကြသော်လည်း မူလ အခြေအနေမျိုးအထိမရောက်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

“နဂိုအခြေအနေနီးပါးလောက် ဝန်ထမ်းတွေကလည်း ပြန်လုပ်ပြီ၊ လာပြီးရောင်းဝယ်တဲ့သူက Social Distancing အရ ၆ ပေလောက် ခြားရတဲ့အတွက် လူကတော့ နည်းနည်း နည်းသွားတယ်၊ အရင်က ကုန်စည်ဒိုင်ထဲမှာ အရောင်းအဝယ်လုပ်တာ တစ်ရက်ကို လူ ၂၀ဝ - ၃၀ဝ လောက်ရှိတယ်၊ အခုကတော့ ၄၀-၅၀ လောက်ပဲ ရှိတယ်၊ အရောင်းအဝယ်ပုံစံက သင်္ကြန်ပြီးလို့စဖွင့်ကတည်းက COVID ဖြစ်တဲ့အတွက် ကုန်စည်ဒိုင်မှာ ပွဲစား ငါးဦးထားတယ်၊ ကျန်တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေက Viber, We Chat, Group Chat တွေနဲ့ အရောင်းအဝယ်လုပ်တယ်၊ အရင်က ကုန်စည်ဒိုင်မှာ ၁၀ ရာခိုင်နှုန်း Deposit ထားတဲ့ဟာ ပြန်ရှင်းချင်ရင် ဝယ်တဲ့သူလာ၊ ရောင်းတဲ့သူလာ တစ်ယောက်စီပဲလာပြီးစာရင်းရှင်းတယ်၊ အခုလို COVID နဲ့ပတ်သက်ပြီး ဖြေလျှော့လာတာနဲ့အမျှ ပြီးခဲ့တဲ့လလောက်ကတည်းက ပေးဝင်လိုက်တယ်၊ အထဲမှာလာတဲ့ သူနဲ့အရောင်းအဝယ် လုပ်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က ရှင်းပြသည်။

ဘုရင့်နောင်ပွဲရုံဝင်းအတွင်းတွင် ကုန်အရောင်းအဝယ်ပြုလုပ်ရာ ကုန်စည်ဒိုင်အနေဖြင့် ယခုလို ဖွင့်လှစ်ခွင့် ရနိုင်ရန်အတွက် ကျန်းမာရေးစနစ်နှင့်အညီ ပြင်ဆင်ဆောင်ရွက်မှုများကို သက်ဆိုင်ရာ COVID ကော်မတီ၏ စစ်ဆေးမှုများကို ခံယူခဲ့ကာ ကျန်းမာရေးစနစ်များဖြင့် တရားဝင်ပြန်ဖွင့်ခွင့်ရခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ထိုက်သင့်သလောက် အရောင်းအဝယ်ဖြစ်သော်လည်း နဂိုပုံမှန်အနေအထားမျိုးတော့ မရောက်သေးကြောင်း သိရသည်။ လက်ရှိကာလတွင် တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ ၁၂၀ဝ နှင့် ၁၃၀ဝ ကြား ဝင်ရောက် နေကြောင်း၊ ယခင်က ဝင်ရောက်မှုများခဲ့သော ကြက်သွန်ကားများမှာ ယခုတစ်ရက်ပျမ်းမျှ အစီး ၂၀ လောက်သာ ဝင်ရောက်ခဲ့ကြခြင်းကြောင့် ကြက်သွန်ဈေးအလွန်အမင်းကျဆင်းသော အခြေအနေမှ ဈေးအနည်းငယ် ပြန်ရ လာခဲ့ကြောင်း၊ ဆက်လက်၍လည်း အိမ်နီးချင်းနိုင်ငံများ၏ ဝယ်လိုအားအခြေအနေများ အပေါ်မူတည်ကာ ဈေးကွက်အတွင်းအရောင်းအဝယ် လိုက်ပါပြောင်းလဲနိုင်သည်ဟု ခန့်မှန်းထားကြသည်။

“လာမယ့်ကာလကို သုံးသပ်ရင် ဥပမာ ပဲဆိုရင် သြဂုတ်လအထိပဲ အိန္ဒိယကပဲ လက်ခံတယ်၊ အဲ့ဒီကြားမှာ ရောက်အောင်တင်နေရတယ်၊ အဲ့ဒီရာသီဥတု တွေကြောင့် တရုတ်မှာလည်း ရေကြီးမြေပြိုတာဖြစ်နေတယ်၊ အမေရိကန်မှာ မုန်တိုင်းဝင်နေတယ်၊ အိန္ဒိယမှာလည်း COVID တအားဖြစ်နေတယ်၊ ဒါကြောင့် ရောင်းမကောင်း တာတွေလားပေါ့၊ သူတို့ဝယ်လိုအားရှိလာရင်တော့ အရောင်းအဝယ် ကောင်းလာနိုင်မယ်၊ ဒီလိုမှမဟုတ်ရင် လာမယ့်ပွင့်လင်းရာသီလည်း အရောင်းအဝယ် ကျသွားနိုင်တယ်”ဟု ၄င်းက ဆက်လက်ရှင်းပြခဲ့သည်။                       


 (HK)






အခြားဆက်စပ်သတင်းများ