နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID ကြောင့် အေးစက်ခဲ့သော ရန်ကုန်အုန်းငှက်ပျောစျေးကွက် အရောင်းအဝယ်ပြန်သွက်

ရန်ကုန်   ဩဂုတ်   ၂  

COVID 19 ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက အရောင်းအဝယ်အေးခဲ့သော ရန်ကုန်မြို့ရှိ အုန်း၊ ငှက်ပျောစျေးကွက်မှာ ယခုရက်ပိုင်းအတွင်း အရောင်းအဝယ် ပြန်လည်ကောင်းမွန်သွက်လက်လာခဲ့ကြောင်း ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာကုန်စည်ဒိုင်ရှိ အုန်းငှက်ပျောပွဲရုံများထံမှ သိရသည်။

“အခု အရောင်းအဝယ်သွက်လာတာက တစ်ရက်နှစ်ရက်ပဲရှိသေးတယ်၊ ဝါဆိုလပြည့်ကာလလည်းဖြစ်တာ ရယ်၊ ဘုရားတွေဘာတွေပြန်ဖွင့်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း လက်လီသမားတွေက ဒိုင်တွေမှာ ဆင်းဝယ်တာတွေကြောင့်လည်း အရောင်းအဝယ်က အခုလိုပြန်ပြီးတော့ ဖြစ်လာတာလို့တော့ ထင်တာပဲ”ဟု ဗားကရာကုန်စည်ဒိုင်မှ ငှက်ပျောပွဲရုံပိုင်ရှင် ကိုဝင်းထိုက်ထွေးက ရှင်းပြသည်။ နှစ်စဉ်ဝါဆိုလပြည့်မတိုင်ခင် အရောင်းအဝယ် သွက်လေ့ရှိသော်လည်း ယခုနှစ်တွင် ဝါထပ်နှစ်ဖြစ်သည့်အတွက် ပထမဝါဆိုလပြည့်ကျော် သည်အထိ အရောင်းအဝယ်အေးခဲ့ပြီး ဒုတိယဝါဆိုလပြည့်အနီး ယခုသြဂုတ်လဆန်းမှ စတင်ကာ အရောင်း အဝယ်ပြန်သွက်လာခဲ့ခြင်းလည်းဖြစ်သည်။ သို့ရာတွင် ဝါတွင်းကာလတွင် ပုံမှန်အားဖြင့် အရောင်းအဝယ် ပြန်အေးတတ်သည့် သဘောမျိုးရှိတတ်ခြင်းကြောင့် ယခုလိုအရောင်းအဝယ်သွက်နေရာမှပြန်လည်ကာ အရောင်း အဝယ်အေးမည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။

“စျေးကွက်အနေအထားကတော့ မမှန်းတတ်အောင်ဘဲ၊ ဝါတွင်းမှာ ပုံမှန်နှစ်တွေလို စျေးကွက်ပြန်မအေးဖို့ဘဲ မျှော်လင့်တာပေါ့နော်၊ အခုမှ ရောင်းရရုံရှိသေးတာလေ၊ တစ်ချိန်လုံး ငုတ်တုတ်မေ့နေတာ၊ အခုလို အရောင်း အဝယ်သွက်ပေမယ့် စျေးကတော့ အပြောင်းအလဲသိပ်မရှိဘူး၊ မနှစ်က ဝါမဝင်ခင်အချိန်နဲ့ယှဉ်ရင် စျေးက နည်းနည်းကျတောင် ကျနေသေးတယ်”ဟု အုန်းငှက်ပျောပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သည့် ကိုရဲလွင်က ရှင်းပြသည်။ ထိုကုန်စည်ဒိုင်အတွင်းသို့ မြစ်ဝကျွန်းပေါ်ဒေသမှ ရေငှက်ပျောများမှာ နေ့စဉ်ပျမ်းမျှ အခိုင် ၂၀၀၀၀ မှ ၃၀၀၀၀ ကြား၊ မြန်မာနိုင်ငံအလယ်ပိုင်းမှ ကုန်းငှက်ပျောများမှာ နေ့စဉ်ပျမ်းမျှ အခိုင် ၁၂၀၀၀ လောက် ၀င်ရောက်နေကြောင်း၊ စျေးနှုန်းများမှာလည်း အရည်အသွေးနှင့် အရွယ်အစားပေါ်မူတည်၍ ဖီးကြမ်း တစ်ဖီးလျှင် ၈၀၀ ကျပ်မှ ၁၃၀၀ ကျပ်ကြား၊ သီးမွှေးတစ်ဖီးလျှင် ၈၀၀ ကျပ်မှ ၂၂၀၀ ကျပ်ကြား စသည်ဖြင့် အသီးသီးရှိကြပြီး ယခင်လအတွင်းက ရှုံးခဲ့သော ဆုံးရှုံးမှုကို ကာမိသောအခြေအနေမျိုးမရှိသေးကြောင်း သိရသည်။

“စိုက်ပျိုးသူကလည်း သူ့ဆီမှာ ဆက်ထားလို့မရတဲ့ အသီးတွေကို ခုတ်ပြီး စျေးကွက်ထဲကို ပို့ကြတယ်၊ ဒိုင်တွေ၊ ပွဲရုံတွေမှာလည်း မရောင်းရတော့ ထားထားရင်းနဲ့ မှည့်ကုန်ပြီး ပစ်ပလိုက်ရတာတွေရှိတယ်၊ အခုလိုရောင်းရ ပေမယ့် ဆုံးရှုံးမှုကိုတော့ ကာမိတဲ့အနေအထားမရှိသေးဘူး”ဟု ၄င်းက ဆက်လက်ပြောခဲ့သည်။

သို့ရာတွင် အုန်းသီးများမှာလည်း ငှက်ပျောနှင့်အတူ အရောင်းအဝယ်သွက်သလို စျေးနှုန်းများလည်း မြင့်တက် ခဲ့ကြောင်း၊ အုန်းသီးစျေးကွက်မှာ မြစ်ဝကျွန်းပေါ်ဒေသမှ ထွက်သမျှအကုန်လုံး ရန်ကုန်စျေးကွက်သို့ ၀င်ရောက် လာပြီး ရန်ကုန်စျေးကွက်မှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းဒေသများသို့ ပြန်လည်ဖြန့်ချိလေ့ရှိ ကြောင်း၊ အရောင်းအဝယ်ကောင်းလာသော်လည်း အုန်းသီးဝင်ရောက်မှုမှာ တစ်ရက်လျှင် ပျမ်းမျှအလုံးရေ ၃၀၀၀၀ မှ ၃၅၀၀၀ ကြားခန့်သာရှိနေကြောင်း၊ အခွံချွတ်အုန်း တစ်လုံးလျှင် ယခင် ၃၀၀ ကျပ်မှ ယခု ၄၅၀ မှ ၆၀၀ ကျပ်ကြားအထိ ရှိနေပြီး ဆွဲအုန်းမှာ ယခင်က ၆၀၀ ကျပ် ၀န်းကျင်သာရှိရာမှ ယခု ၈၀၀ မှ ၁၂၀၀ ကျပ်ကြား အထိ စျေးကောင်းလာလျက်ရှိနေကြောင်း သိရသည်။

“စျေးကွက်ကောင်းလာတယ်ဆိုပြီးတော့ အုန်းသီးတွေက အရင်လိုမျိုး အများကြီးလှိမ့်ဝင်တာမျိုးမဖြစ် တော့ စျေးကွက်ကိုလည်း စနစ်တကျနဲ့ ထိန်းကျောင်းရောင်းချသလိုမျိုးတော့ဖြစ်တာပေါ့၊ ဘာလို့လဲဆိုတော့ အရည်သောက်ဖို့ အုန်းသီးအနုတွေကို ခူးပြီးရောင်းကြတာကလည်း များပြားခဲ့တော့ အုန်းခြံတွေမှာက ရင့်တဲ့ အလုံးကောင်းကောင်းက တအားကြီးမထွက်ဘူး”ဟု အုန်းပွဲရုံပိုင်ရှင် ကိုမောင်မောင်မြင့်က ရှင်းပြသည်။ ထိုအုန်း ငှက်ပျောစျေးကွက်မှာ နှစ်စဉ်သီတင်းကျွတ်မှ နောက်နှစ်ဝါဆိုလပြည့်အထိ ရောင်းရလေ့ရှိပြီး ဝါတွင်း ကာလတွင် စျေးကွက်အေးလေ့ရှိသော်လည်း ယခုနှစ်တွင် လွန်ခဲ့သော ၂၀၁၉ ခုနှစ် သီတင်းကျွတ်လောက်က အနည်းငယ်ရောင်းကောင်းခဲ့ပြီး ၂၀၂၀ ပွင့်လင်းရာသီကာလအတွင်း အနည်းငယ်ရောင်းရသော အနေအထားမှ မတ်လတွင် COVID 19 ကပ်ရောဂါဖြစ်ပွားမှု စတင်ကြုံခဲ့ကာ ပုံမှန်ရောင်းကောင်းရန် မှန်းထားကြသော ကာလများကို ကျော်လွန်ခဲ့ပြီး စျေးကွက်အေးစက်ခဲ့သော အနေအထားမှ ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်  ပြန်လည်ဖြစ်ထွန်းလာခဲ့ခြင်းလည်းဖြစ်သည်။

(HK)






အခြားဆက်စပ်သတင်းများ