နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းအန္တရာယ်

(Passive Smoking Hazzard)


ဆေးလိပ်သောက်ခြင်းသည် သင်၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ မျက်နှာဖုံးပါကင်ဆာအနာ တွေကို အရိုးခေါင်းပုံစံတွေ ပြသထားပြီး ဆေးလိပ်သောက်သုံးဝယ်ယူသူများကို သတိပေးထားတယ်။ ဘာလိုအပ်နေလဲဆိုတော့ ''တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ခြင်းကလည်း ဆေးလိပ်ကိုယ်တိုင်သောက်သလို ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည်''စာသားထည့်ပေးစေချင်ပါတယ်။

တိုက်ရိုက်ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းက ရှင်းတယ်။ မိမိကိုယ်တိုင်ကိုယ်ကျ သောက်သုံးပြီး ရှူရှိုက်နေသူ ဖြစ်တယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းဆိုတာက မိမိကိုယ်တိုင် ဆေးလိပ်မသောက်သုံးရပဲနှင့် တစ်ပါး သူသောက်တဲ့ ဆေးလိပ်ငွေ့ကို မလွှဲသာမရှောင်သာ ရှူရှိုက်နေခြင်းကို ဆိုလိုပါတယ်။ ဆေးလိပ်ကိုယ်တိုင်သောက်ပြီး ဆေးလိပ်ငွေ့ရှူရှိုက် သူရော၊ သူတစ်ပါးဆေးလိပ်အငွေ့ရှူရှိုက်ရသူပါ ရောဂါပြိုင်တူရနိုင်ပါတယ်။ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ၊ အဆုတ်ကင်ဆာ၊ လေပြွန်ရောင်ရောဂါ၊ ခံတွင်းကင်ဆာ၊ အစာရေမျိုရောဂါ၊ ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ရောဂါ၊ ခြေချောင်း၊ လက်ချောင်းထိပ်သွေးကြော ပိတ်ရောဂါ၊ ခြေတောက်သွေးမလျှောက်ရောဂါတို့ ဖြစ်တယ်။

ဆေးလိပ်သောက်သူ အမျိုးသမီးတွေမှာ မျိုးပွားအင်္ဂါဆိုင်ရာရောဂါရရှိခြင်း၊ အချိန်မတိုင်မီ ဓမ္မတာသွေးဆုံး ခြင်း၊ သားပျက်ခြင်း၊ ပေါင်မပြည့်လမစေ့မွေးခြင်း၊ သားအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းမြင့်မားလာတယ်။ တစ်ဆင့်ခံ သောက်နေရသူတွေပါ ဖြစ်တတ်ပါတယ်။

ကျန်းမာရေးလိုက်စားသူတိုင်း ဆေးလိပ်ဖြတ်ဖို့လိုတယ်။ ဆေးလိပ်မသောက်ရနယ်မြေတိုးချဲ့ပေးရမယ်။ ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဘူတာရုံ၊ ကားမှတ်တိုင်တို့မှာ လူစုလူဝေးဒေသတွေမှာ မသောက်သင့်ပါဘူး။ ဆေးလိပ် မှာ လူကိုစွဲလန်းစေတဲ့ နီကိုတင်းခေါ် စိတ်ကို စွဲလန်းစေတဲ့ ဓာတုပစ္စည်းအပါအဝင်၊ အမျိုးပေါင်း (၄၀၀၀) ကျော်နဲ့ ကင်ဆာဖြစ်စေတဲ့ ပစ္စည်း (၂၂) မျိုးပါဝင်တယ်။ နီကိုတင်းက စွဲလန်းစေတယ်။

ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေက နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ အခြားကင်ဆာတွေ၊ အဆုတ်လေပြွန်ရောင်ခြင်း၊ လက်နဲ့ ခြေထောက်ရှိ သွေးလွှတ် ကြောကြီးများပိတ်လို့၊ ခြေချောင်း၊ လက်ချောင်းပုပ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းကြောင့် လူစဉ်မမီခြင်း၊ ပန်းသေ၊ ပန်းညှိုးရောဂါ၊ မိခင်တွေမှာ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးပေါင်မပြည့်လမစေ့မွေးခြင်း၊ မွေးကင်းစ ကလေးသေဆုံးခြင်း စတဲ့ ကျန်းမာရေးဆိုးကျိုးတွေတစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းကြောင့် ရနိုင်ပါတယ်။

ဆေးလိပ်ဟာ အပိုကုန်ကျနေလို့ မိသားစုစားဝတ်နေရေးကျပ်တည်းခြင်း၊ အိမ်ထောင်ဦးစီးရောဂါရရင် မိသားစုမှာ ဆုံးရှုံးမှုကြီးစွာဖြစ်ခြင်း၊ ဆေးလိပ်မှမူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားအထိစွဲသွားပြီး လူမှုရေးဆုံးရှုံး မှုများ၊ ရာဇဝတ်မှုများထိ ဖြစ်နိုင်တယ်။ ဆေးလိပ်ဟာ လူတို့ရဲ့ကာယ၊ ဉာဏစွမ်းအားထိခိုက်စေတယ်။ ဆေးရွက်စိုက်ခင်း၊ စီးကရက်စက်ရုံတွေကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်း စတဲ့ လူမှုရေးဆိုးကျိုးတွေ ဖြစ်နိုင်လို့ ဆေးလိပ်ကို ရှောင်ရှားသင့်တယ်။ 

ဆေးလိပ်ကို ဘယ်အချိန်ကစသောက်သောက် ဖြတ်လိုက်တဲ့အချိန်မှစ၍ ကျန်းမာရေးကောင်းလာတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာစတဲ့ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေဖြစ်ပွား နိုင်မှုလျော့နည်းသွားတယ်။ လူ့သက်တမ်းစေ့နေနိုင်တယ်။ ဆေးလိပ်ကြောင့် ငွေကုန်ကျမှုနည်းလာတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထုပ်ဝန်ပိုးလျော့နည်းသွားစေတယ်။

ဆေးလိပ်ဖြတ်ဖို့တိုက်တွန်းရမယ်။ ဆေးလိပ်ဖြတ်တဲ့အချိန်ကစပြီး မိသားစုနဲ့ သူငယ်ချင်းတွေကို ဆေးလိပ်ဖြတ်ပြီဖြစ်ကြောင်း ကြေညာသင့်တယ်။ လျှော့သောက်ဖို့ မကြိုးစားဘဲ တိကနဲဖြတ်သင့်တယ်။ ဆေးလိပ်နဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေ ပတ်ဝန်းကျင်မှာမရှိသင့်ပါ။ ဆေးလိပ်သောက်ရမယ့်နေရာတွေမသွား သင့်ဘူး။ မိဘ၊ မိသားစု၊ အပေါင်းအသင်းထောက်ခံမှု ရယူသင့်တယ်။ 

တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ရသူဟာ ဆေးလိပ်ကိုယ်တိုင်မသောက်ပေမယ့် ကိုယ်တိုင်သောက်သူလိုပဲ နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆုတ်ကင်ဆာရောဂါ၊ ရင်ကြပ်ရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ ဆီးလမ်းကြောင်းကင်ဆာ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ ဖြစ်နိုင်တယ်။

၁၉၉၂ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကာကွယ်မှုအဖွဲ့ (FPA)က အမေရိကန်နိုင်ငံမှာ ဆေးလိပ် သောက်သူနဲ့ အတူနေ၊ တစ်ဆင့်ခံဆေးလိပ်ရှူရှိုက်သူ (၃၀၀၀) ခန့်မှာ အဆုတ်ကင်ဆာဖြစ်ပြီး သေဆုံးရ ကြောင်း၊ ထပ်ဆင့်ဆေးလိပ်အငွေ့ကြောင့် ကလေး (၂၆၀၀၀) ရင်ကြပ်ရောဂါရကာ (၁၅၀၀၀) ဆေးရုံတက်ရ ကြောင်း၊ မွေးကင်းစကလေး ရုတ်တရက်သေဆုံးမှုများကြောင့် ထုတ်ပြန်ခဲ့လို့ ဆေးလိပ်ရှောင်ရမယ်။

ဆေးလိပ်ဟာ သွေးဆာနေတဲ့ သွေးစုပ်ဖုတ်ကောင်လို လူအများအပြားရဲ့ အသွေးအသားကို ဝါးမျိုဖျက်ဆီး လျက် ရှိနေတယ်။ အသိတရားနဲ့ သတိထားနိုင်ဖို့ လိုပါပြီ။  ကမ္ဘာတစ်ဝန်းမှာ ဆေးလိပ်ကြောင့် သေဆုံးသူ တစ်နှစ်မှာ (၄) သန်းကျော်ခန့်ရှိတယ်ဆိုတယ်။ သည်နှုန်းအတိုင်းသာဆိုရင် သက္ကရာဇ် (၂၀၂၀) ပြည့်နှစ်မှာ ဆေးလိပ်သောက်သုံးမှုကြောင့် တစ်နှစ်လူ (၁၀) သန်းခန့် သေဆုံးကြရမှာဖြစ်တယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်နေသူတွေပါတယ်။

သွေးတိုးရောဂါရှိသူများ ဆေးလိပ်သောက်ရန် သွေးပေါင်ချိန်ထိန်းချုပ်ရခက်ခဲလို့ အသက်အန္တရာယ်ရှိပါ တယ်။ ဆေးလိပ်ရဲ့အငွေ့က လူရဲ့ခန္ဓာကိုယ်အစွန်အဖျားတွေဖြစ်တဲ့ ခြေချောင်းထိပ်၊ လက်ချောင်းထိပ်တွေ၊ သွေးပို့လွှတ်နေတဲ့ သွေးကြောတွေပိတ်စေပါတယ်။

ဆေးလိပ်သောက်သုံးမှု တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူလာရင် အရွယ်သုံးပါး ကျန်းမာရေးအခက်ကြုံရတယ်။ ဆေးလိပ်သောက်သုံးလို့ရတဲ့ အသက်အန္တရာယ်တွေ၊ ဆေးလိပ်ငွေ့ရှူရသူမှာလည်း ရရှိပါတယ်။ ဆေးလိပ်မှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတ်ပစ္စည်းများနီကိုတင်း၊ ကတ္တရာ၊ ကာဗွန်မိုနောက်ဆိုဒ်၊ အမိုးနီးယား၊ ဆာဖာဒိုင်အောက်ဆိုဒ်တို့မှာ အဆိပ်ပြင်းတဲ့ ဆိုင်ယာနိုက်ဓာတ်တို့ပါဝင်တယ်။

ဆေးလိပ်ဖြတ်ဖို့လိုတယ်။ လူတစ်ဦးနဲ့တစ်ဦး ဆေးလိပ်ကမ်းတဲ့အလေ့အထရှောင်သင့်တယ်။ ရောဂါရလို့ ဆေးကုစရိတ်ငွေကုန်ကြေးကျများတယ်။ ကျန်းမာရေးကုန်ကျငွေမြင့်မားတယ်။ ဆေးလိပ်ဟာ ဘာတစ်ခုမျှ အကျိုးမပြုပါဘူး။ ဆေးလိပ်ကြောင့် ငွေကုန်များတယ်။ ရောဂါမျိုးစုံဝင်တယ်။ သက်တမ်းစေ့မနေနိုင်ဘဲ အရွယ်မတိုင်မီ သေဆုံးကြရတယ်။ 

ဆေးလိပ်နဲ့ကွမ်းကမ်းတဲ့ ဓလေ့ဟာ ယနေ့မြန်မာ့ယဉ်ကျေးမှုကနေ ဖယ်ထုတ်သင့်ပြီပဲဖြစ်တယ်။ ဧည့်သည်လာလို့ ဆေးလိပ်ကွမ်းယာ၊ ကွမ်းအစ်တည်တဲ့ အကျင့်ဖျောက်သင့်ပါပြီ။ ကမ္ဘာတစ်လွှား ''ဆေးလိပ် ဆန့်ကျင်ရေး'' ဆောင်ရွက်နေတဲ့နည်းတူ မြန်မာနိုင်ငံတွင်လည်း ''ဆေးလိပ်ဆန့်ကျင်ရေး''ဆောင်ရွက်နေပါ တယ်။ လူ့ဘောင်လောက ကောင်းကျိုးပြုနိုင်ဖို့ ဆေးလိပ်၊ ကွမ်း၊ ဆေးငုံခြင်းတို့ ရှောင်ရှားသင့်သလို၊ တစ်ဆင့် ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းပတ်ဝန်းကျင်ကိုလည်း ပယ်ဖျက်ရမှာဖြစ်တယ်။ ကိုယ့်ကြောင့် ဆေးလိပ်ငွေ့ကင်းစင် တဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်သင့်ပြီပဲ ဖြစ်ပါတယ်။

ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ