ရန်ကုန် ဧပြီ ၁၃ ၁၃၈၂ ခုနှစ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်(အကျနေ့) ဧပြီ ၁၃ ရက်တွင် ရန်ကုန်မြို့လူစည်ကားရာနေရာ များတွင် စျေးရောင်း၊ စျေးဝယ်သူများနှင့်မဖြစ်မနေသွားလာနေသူများမှအပ လူနှင့်ယာဉ်များသွားလာလှုပ်ရှားမှု နည်းပါးလျက်ရှိကြောင်း တွေ့ရှိရသည်။ “နှစ်စဉ် နှစ်တိုင်း သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရဲ့အထင်ကရနေရာများဖြစ်သည့် ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ခန်းမရှေ့နှင့်မဟာဗန္ဓုလပန်းခြံတလျှောက် လူမျိုးပေါင်းစုံ ပါဝင်ဆင်နွှဲနိုင်သောလမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဖြင့် အများပြည်သူများအထူးစည်ကား လျက်ရှိကြောင်း၊ ထို့အတူပြည်လမ်းတလျှောက်နှင့် အင်လျားကန်ပေါင်တို့တွင်လည်း လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များဖြင့် လူအများတိုးမပေါက်အောင်စည်ကားများပြားစွာ ရေပက်ကစားနေသည့်မြင်ကွင်းများ အကြောင်း” ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ယခုအခါ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ပြည်သူများကိုတတ်နိုင်သမျှအိမ်အပြင်မထွက်ကြရန်နှင့် မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စများမှလွဲ၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမပြုဘဲ မိမိ၏နေအိမ်၌နေထိုင်ခြင်းဖြင့် ပူပေါင်းဆောင်ရွက်ရန် တိုက်တွန်းချက်ကြောင့် နှစ်စဉ်နှစ်တိုင်းသင်္ကြန်ကာလအတွင်း အထူးစည်ကားလေ့ရှိသော ရန်ကုန်မြို့တော် ခန်းမ၊ မဟာဗန္ဓုလပန်းခြံလမ်းတလျှောက် ဆူးလေဘုရားအနီးရှိ ကားမှတ်တိုင်များ၊ ပြည်လမ်းတလျှောက် အင်လျားကန်ပေါင်တလျှောက် လူနှင့်ယာဉ်များအသွားအလာနည်းပါးလျက်ရှိကြောင်း သိရသည်။ ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ သတိပေးနှိုးဆော်ခြင်းအပေါ် လေးစားလိုက်နာ၍ ပူပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အောင်မြင့်(ပြန်/ဆက်)