ဇူလိုင် ၂၅
မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၅၀ တွင်အရွယ်ရောက်ပြီးသော အမျိုးသား ၄၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၈ ဒသမ ၄ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်သုံးသူများဖြစ်နေကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့် FCTC Myanmar Report, ASEAN Tobacco Tax Report Card ၏ စစ်တမ်းများအရ အမျိုးသား ၆၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၄ ဒသမ ၁ ရာခိုင်နှုန်းသည် ဆေးရွက်ကြီး ပါဝင်သည့် ကွမ်းစားသူများဖြစ်သည်ဟုလည်း ဆိုပါသည်။
မြန်မာနိုင်ငံသည် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း၏အဖွဲ့ဝင်နိုင်ငံဖြစ်လာသည့်အလျောက် ကွန်ဗင်းရှင်းပါ အချက်အလက်များကို အခြေခံသည့် ဆေးလိပ်ဆေးရွက် ကြီး သုံးစွဲမှု ထိန်းချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည်နှင့်အညီ နိုင်ငံတော် အစိုးရအနေဖြင့်ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။
အဆိုပါဥပဒေအပြင် အထူးကုန်စည်ခွန်ဥပဒေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က ပြဋ္ဌာန်းခဲ့ပြီး မည်သူမဆို စီးကရက်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ပါက အထူးကုန်စည်ခွန်ပေးဆောင်ရန် ပြဌာန်းပြီး ဆေးလိပ်သောက်သုံးမှုကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
ဆေးလိပ်သောက်နှုန်းများ တကယ်ကျဆင်းခဲ့ပြီလား
မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူများကို သေချာ တိကျစွာဆန်းစစ်မှတ်တမ်းပြုစုထားသည့် စစ်တမ်းများမှာ ၂၀၁၆ နောက်ပိုင်းတွင် လုံးဝမရှိချေ။ ဆေးလိပ်သောက်သုံးသူဟုဆိုရာတွင် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ် စသဖြင့် အမျိုးမျိုးရှိရာ မည်သူက မည်သည့်ဆေးလိပ်ကို မည်မျှ သောက်နေသည် ကိုမူ မသိရှိကြချေ။
ဝိဝါဒကွဲပြားသည့် ဆေးပေါ့လိပ်
ဆေးလိပ်သောက်ရာတွင် ဆေးလိပ်အငွေ့များသည် ကျန်းမာရေးဆိုးကျိုးဖြစ်စေသည်ဟုဆိုသည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်ခြင်းမှာ ရိုးရာအမွေအနှစ် ယဉ်ကျေးမှုတစ်ခုအဖြစ် လက်ခံကျင့်သုံးကြရာ ရိုးရာထုတ်ကုန်ဖြစ်သည့် ဆေးပေါ့လိပ်ကို နိုင်ငံအနှံ နေရာအများအပြားတွင် ထုတ်လုပ်သုံးစွဲကြရုံသာမက နေ့စဉ် လူမှုဘဝ၏ အစိတ်အပိုင်းအဖြစ်လက်ခံကြသည်။
ဆေးပေါ့လိပ်ကောင်းတစ်ခုကို ထုတ်လုပ်နိုင်သည့်သူမှာ ရိုးရာအမွေတစ်ခုကို ထိန်းသိမ်းနိုင်သည့်သူဖြစ်သည်။ ထို့ကြောင့် ဆေးလိပ်သောက်ခြင်းမှာ မြန်မာတို့အတွက် သာမန် သမားရိုးကျ လူနေမှုအဆောင်အယောင်ကိစ္စတစ်ခုဖြစ်သလို ကျန်းမာရေးအရ ကြီးမားသော စိန်ခေါ်မှု တစ်ခု ဖြစ်ပေသည်။
တကယ်တမ်းမှာတော့ စီးကရက်ဖြစ်ဖြစ်၊ ဆေးပေါ့လိပ်ဖြစ်ဖြစ်၊ ဆေးရွက်ကြီးများကို မီးရှို့ပြီး သုံးစွဲရ သည်သာဖြစ်သည်။ ထိုကြောင့် ထွက်ပေါ်လာသော ဆေးလိပ်ငွေ့သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများစွာ ပါဝင်သည်ဟု သိပ္ပံပညာရှင်များက အတည်ပြုထားရာ ဆေးလိပ်မှန်သမျှ ကျန်းမာရေး ကို ထိခိုက်စေသည်ဟု ဆိုရမည်ဖြစ်သည်။
သောက်သုံးသူတွေက ဘယ်သူတွေလဲ
ဆေးပေါ့လိပ်သောက်သုံးသူများသည် အထူးသဖြင့် ကျေးလက်နေ ပြည်သူများ၊ အခြေခံလူတန်းစားများ ဖြစ်ရာ ကျန်းမာရေး၊ ပညာရေးအသိပညာတွင် အားနည်းကြသူများဟု ယေဘုယျအားဖြင့် သတ်မှတ်နိုင် သည်။ အဘယ်ကြောင့်ဆိုသော် ဆေးပေါ့လိပ်သည် စီးကရက်များထက် ဈေးပေါသောကြောင့် အခြေခံ လူတန်းစားများအတွက် လက်လှမ်းမီသည့်အရာ ဖြစ်သည်။ ထို့အပြင် ဆေးပေါ့လိပ်လုပ်ငန်းသည် အိမ်တွင်း လက်မှုလုပ်ငန်း၊ တိုင်းရင်းသားတို့၏ ရိုးရာလုပ်ငန်းစသဖြင့် နိုင်ငံအနှံ့တွင် လုပ်ကိုင်နေသောကြောင့် ဆေးပေါ့လိပ်များကို လွယ်လင့်တကူရနိုင်သည်။ ကိုယ့်ဘာသာကိုယ်ပင် လိပ်သောက်နိုင်သည်။ ဆေးပေါ့လိပ် ထုတ်လုပ်ခြင်းဆိုင်ရာ ကန့်သတ်ချက်များက ကျေးလက်ဒေသများအထိ စိုးမိုးနိုင်မှုမရှိသလို ရိုးရာလုပ်ငန်း ဟုသာ လွယ်လွယ်တွေးမြင်ကြသည်သာဖြစ်သည်။
အမှန်တရားနှင့် ပြောင်းလဲခြင်း
တကယ်ဆိုလျှင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုလျှင် သိပ္ပံနည်းကျ လက်တွေ့ သာဓကများဖြင့် ဆေးလိပ်များ၏ ဆိုးကျိုးကို ဖော်ပြနိုင်လျှင် ပြည်သူ့ကျန်းမာရေးနှင့် နောင်အနာဂတ်မျိုးဆက်များအတွက် ပြောင်းလဲသင့်သည်ကို ပြောင်းလဲရမည်ဖြစ်သည်။
ပြောင်းလဲခြင်းဆိုရာတွင် အဆုံးတိုင်ပြောင်းလဲနိုင်ရန် ကာလ၊ ဒေသ၊ ပါဝင်မည့်လူ စသဖြင့် အားလုံး သဟဇာတဖြစ်ရမည်ဖြစ်သည်။ ထို့ကြောင့် ဆေးပေါ့လိပ်များနှင့်ပတ်သက်ပြီး အလုံးစုံ မပြောင်းလဲနိုင် သေးခင်တွင် ကျန်းမာရေးအတွက် အနည်းနှင့်အများ ထိန်းချုပ်ရမည်။ သို့မှသာ ဆေးလိပ်သုံးစွဲသူများကို ထိန်းကျောင်းနိုင်ပြီး ဆေးလိပ်သုံးစွဲမှုကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ထိန်းကျောင်းခြင်း
ဆေးပေါ့လိပ်များကို မည်သို့ထိန်းကျောင်းမည်နည်း။ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ကုန်သုံးစွဲမှု ထိန်းချုပ် ရေး ဥပဒေအရ သောက်သုံးသည့် အသက်၊ ရောင်းချမှု၊ အရောင်းမြှင့်တင်မှု၊ စသည်တို့ကို ဥပဒေအတိုင်း တိတိကျကျ လိုက်နာရန် တွန်းအားပေး အရေးတယူ ဆောင်ရွက်ရမည်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းအား သတိပေးသည့် ကျန်းမာရေးဆိုင်ရာ အသိပေးရုပ်ပုံများကို ဆေးပေါ့လိပ်ထုတ်မှန်သမျှ ဆေးပေါ့လိပ်အစည်း မှန်သမျှတို့တွင် ထည့်သွင်းရန် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရမည်ဖြစ်သည်။
ဆေးပေါ့လိပ်သည်လည်း ဆေးရွက်ကြီးထုတ်ကုန်ဖြစ်ပြီး စီးကရက်သုံးစွဲခြင်းနှင့်တူညီသည့် သဘာဝရှိသည့် အတွက် စီးကရက်များနှင့်တန်းတူ ထိန်းကျောင်းရမည်ဖြစ်သည်။ အခွန်များကို တိုးမြှင့်ကောက်ခံခြင်းဖြင့် အခြေခံလူတန်းစားများ၏ လက်လှမ်းမီနေမှုကို ပြုပြင်ရမည် ဖြစ်သည်။ အခွန်တံဆိပ်ခေါင်းများကိုလည်း ကပ်နှိပ်ပြီးမှာသာ သုံးစွဲခွင့်၊ ရောင်းချခွင့်တို့ကို ပြုလုပ်သင့်သည်။
(မယ်ခ)