နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နားလည်စာနာပေးသင့်သည့် မြို့တော်စည်ပင်ဝန်ထမ်းများအကြောင်း တစ်စေ့တစောင်း

ဇူလိုင်  ၂၅

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်နေကြသော ကျွန်မတို့ မြို့တော် စည်ပင်ဝန်ထမ်းများအကြောင်း လုပ်သားပြည်သူများ နားလည်စာနာပေးနိုင်ရန် အခါအခွင့်သင့်၍ တင်ပြလိုပါ သည်။ ကျွန်မတို့ စည်ပင်ဝန်ထမ်းများသည် လုပ်သားပြည်သူများ မွေးဖွားသည်မှ သေဆုံးချိန်အထိ လူမှုဘဝ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း စည်ပင်သာယာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အလို့ငှာ လုပ်ငန်းတာဝန်ခံအဖွဲ့ (၇) ဖွဲ့နှင့် ဌာန (၃) ဌာန ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းတာဝန်ခံအဖွဲ့များမှာ မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့၊ အဆောက်အဦဆိုင်ရာလုပ်ငန်း တာဝန်ခံအဖွဲ့၊ လမ်း/တံတားဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့၊ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့၊ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့၊ ပြည်သူ့ကျန်းမာရေးနှင့်ဈေးများ လုပ်ငန်းတာဝန်ခံ အဖွဲ့၊ ပတ်ဝန်းကျင်စီမံခန့်ခွဲရေးလုပ်ငန်းတာဝန်ခံအဖွဲ့တို့ ဖြစ်ပါသည်။

ဌာန (၃) ခုမှာ စီမံခန့်ခွဲရေး၊ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်း ရေးဌာန၊ ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာနတို့ဖြစ်ပါသည်။
လုပ်ငန်းတာဝန်ခံအဖွဲ့ (၇) ဖွဲ့မှာ မြို့ပြစီမံကိန်းများရေးဆွဲခြင်း၊ ဇုန်များသတ်မှတ်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ မြေများကို စီမံခန့်ခွဲခြင်း၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းနှင့်စီမံခန့် ခွဲခြင်း၊ အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့်စီမံခန့်ခွဲခြင်း၊ မြို့ပြအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ စည်ပင်သာယာရေးအခွန်အခများ စည်းကြပ်ကောက်ခံခြင်း၊ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ကြီးကြပ်ခြင်းနှင့်စီမံဆောင်ရွက် ခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ တံတားများတည်ဆောက်ခြင်း၊ စင်္ကြံများတည်ဆောက်ခြင်းနှင့်ပြုပြင် ထိန်းသိမ်းခြင်း၊ ရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေနုတ်မြောင်းများဖောက်လုပ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ မိလ္လာနှင့်ရေဆိုးသိမ်းဆည်းသန့်စင်စွန့်ပစ်သည့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြည်သူ့         ကျန်းမာရေးနှင့်အန္တရာယ်ကင်းရှင်းရေးစီမံဆောင်ရွက်ခြင်း၊ ဈေးများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း နှင့် စီမံခန့်ခွဲခြင်း၊ အသားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များမွေးမြူခြင်းနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များစီမံခန့်ခွဲခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းတို့ကို စီမံခန့်ခွဲကြီးကြပ်ဆောင်ရွက်ကြရပါသည်။

ဌာန (၃) ခုအနေဖြင့် စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူ ခြင်း၊ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးနှင့်ရန်ပုံငွေထိန်းသိမ်းခြင်းတို့ကို စီမံဆောင်ရွက်ကြရပါသည်။

မြို့တော်စည်ပင်ဝန်ထမ်းများအနေဖြင့် လုပ်သားပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ သန့်ရှင်းရေး၊ နေထိုင်ရေး၊ သွားလာရေးအစရှိသည့် လူနေမှုဘဝအဆင့်အတန်းဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာစေရန် အဘက်ဘက်မှ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးများမှ ဝန်ထမ်းများသည် ပစ္စည်းခွန်၊ မြေခွန်၊ ရေခွန်၊ သန့်ရှင်းရေး ခွန်၊ လုပ်ငန်းလိုင်စင်ခွန်၊ ဆိုင်းဘုတ်ခွန်တို့ကို ကောက်ခံပေးသွင်းရခြင်း၊ ရေပုတ်စုတ်ယာဉ် ငှားရမ်းခ ကောက်ခံပေးသွင်းရခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းနှင့် ကျူးကျော်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ရပါသည်။

ဤကဲ့သို့ မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ကြရသော စည်ပင်ဝန်ထမ်း များအနက် သန့်ရှင်းရေးဝန်ထမ်း၊ မြောင်းရှင်းဝန်ထမ်းများ၏ ဆောင်ရွက်ချက်များကို လေ့လာကြည့်ပါက လင်းပြောင်စနစ်ဖြင့် လမ်းကြောင်းအမှိုက်များပြောင်အောင်ရှင်းလင်းရခြင်း၊ အမှိုက်ပုံများမှ အမှိုက်များအား ကားပေါ်တင်၍ ထိန်ပင်အမှိုက်ပုံကြီးတွင် စွန့်ပစ်ရခြင်း၊ ဆေးရုံ၊ ဆေးခန်းအမှိုက်များကို စနစ်တကျ သိမ်းဆည်းရခြင်း၊ မြောင်းရှင်းဝန်ထမ်းများမှာ ရေဆိုးမြောင်းထဲသို့ဆင်း၍ မြောင်းဆယ်ရခြင်းတို့ကို ဆောင်ရွက် လုပ်ကိုင်ကြရပါသည်။ အမှိုက်ပုံ၊ ရေမြောင်းဘေးတို့မှ ဖြတ်သွားလျှင် အနံ့ဆိုးများရှူရှိုက်ရပါသည်။ မြောင်းများအတွင်း စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်မှုကြောင့် ရေဘူးခွံ၊ ဖော့ဘူးခွံ၊ အမှိုက်ပေါင်းစုံဖြင့် မြောင်းများပိတ်ဆို့နေတတ်ပါသည်။ သန့်ရှင်းရေးလုပ်သားနှင့် မြောင်းရှင်းလုပ်သားများသည် အမှိုက်များ၊ စွန့်ပစ်ပစ္စည်းများ၊ အညစ်အကြေးများနှင့် စက်ဆုပ်ဖွယ်ရာများကို သိမ်းဆည်းသယ်ယူစွန့်ပစ်ရပါသည်။

လုပ်သားပြည်သူများအနေဖြင့် ထိုကဲ့သို့အညစ်အကြေးများကို သယ်ယူစွန့်ပစ်ရသည့် သန့်ရှင်းရေး လုပ်သား၊ မြောင်းရှင်းလုပ်သားကြီးများကို ကိုယ်ချင်းစာစိတ်ဖြင့် နားလည်စာနာပေးပြီး အမှိုက်များကို အမှိုက်စို၊ အမှိုက်ခြောက် စနစ်တကျခွဲခြား၍ သေချာစွာထုပ်ပိုးစွန့်ပစ်ပြီး ရေမြောင်းများအတွင်းသို့ အမှိုက်များမပစ်ချကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် မိမိတို့၏ လူမှုဘဝလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေ သည့် မြို့တော်စည်ပင်ဝန်ထမ်းများအပေါ် နားလည်စာနာပေးခြင်းဖြင့် စည်းကမ်းစနစ်ကျစွာနေထိုင်ပြီး သန့်ရှင်းသာယာလှပ၍ နေချင့်စဖွယ်မြို့တော်ကြီးဖြစ်လာအောင် အဆင့်မြှင့်တင် ဆောင်ရွက်သွားကြရန် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

ထက်ထက်စိမ်း(စည်ပင်)






အခြားဆက်စပ်သတင်းများ