နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရာသီနှင့် လျှပ်စစ်စီးကြောင်းအန္တရာယ်

ဇူလိုင်  ၂၃


သတိထားရမည့် လျှပ်စစ်ဓာတ်ကြိုးများ

မြန်မာနိုင်ငံတစ်ဝန်း မိုးရာသီကာလအတွင်း ဓာတ်ကြိုးပျက်ကျမှုကြောင့် ဓာတ်လိုက်သေဆုံးမှုဖြစ်စဉ်တွေ ရှိနေပါတယ်။   ၂၀၂၀ ပြည့်နှစ်အတွင်း မှာမကြာသေးခင်ကာလက နယ်မြို့တစ်ခုတွင် မိသားစုသုံးဦး ဓာတ်လိုက် ၍ တပြိုင်နက် သေဆုံးခဲ့ပါတယ်။ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတော်တော်များများတွင် ရှုပ်ထွေးနေသော ဓာတ်ကြိုးများက လူ့အသက်အန္တရာယ်ကို နှစ်စဉ်နှစ်တိုင်း စိန်ခေါ်လို့နေပါတယ်။ ကုန်လွန်ခဲ့သော ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်က မိုးရေဗွက်ထဲ ပြတ်ကျနေသော ဓာတ်ကြိုးပေါ်ဖြတ်သွားမိသော တောင်ဥက္ကလာပမြို့နယ်မှ အသက် ၁၃ နှစ်ရွယ် အဌမတန်းကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီး၊ ယင်းနှစ် ဇူလိုင်လ  တတိယပတ်အတွင်းမှာလည်း ဆေးတက္ကသိုလ်(၂) ကျောင်းသားတစ်ဦး ဘောလုံးကစားရင်း ခြံစည်းရိုးကို ကိုင်မိရာက ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ လှည်းတန်းစျေးက စျေးသည်တစ်ဦးအပေါ် ဓာတ်ကြိုးပြတ်ကျ၍ ဆုံးပါးခဲ့သည့်အပြင် တခြားသော ဓာတ်လိုက်သေဆုံးမှုတွေလည်း များပြားခဲ့ပါတယ်။ 

ရန်ကုန်တိုင်းအတွင်း သွယ်တန်းထားသော ဓာတ်ကြိုးများ၏ အရည်အသွေးနှင့် ပတ်သက်၍ နှစ်ပေါင်း ၅၀ ကျော်ကြာ  အသုံးပြုခဲ့သည့်အရည်အသွေးပြည့်မီမှုမရှိသော ဓာတ်ကြိုးများဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။ မိုးရွာသည်နှင့်ချက်ချင်းဆိုသလို ခြေသလုံးတစ်ဝက်လောက်အထိ ရန်ကုန်အပါအဝင် မြို့နယ်များရှိ လမ်းတော်တော်များများမှာ ရေလျှံတက်လာပြီး ဖြတ်သန်းသွားလာနေကြရသော သူများ၏ ခေါင်းပေါ်ရှိ ဓာတ်ကြိုးအသိုက်အဝန်းကြီးက ရင်လေးစရာ ဖြစ်ပါတယ်။ထို့ကြောင့် ယခုနှစ်တွင် မိုးဦးကျ မတိုင်မီ ကတည်းကစ၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက စည်ပင်နယ်နမိတ်ပေါ်ရှိ ဓာတ်တိုင်ဓာတ်ကြိုး များကို  ရှင်းလင်းလျက်ရှိပါတယ်။

မိုးရာသီ နှင့် လျှပ်စစ်စီးကြောင်းအန္တရာယ်

အခုလိုမိုးရာသီမှာမကြားချင်ဘဲ အကြားရဆုံးသော စိတ်မကောင်းစရာသတင်းများဟာ လျှပ်စစ်ဓာတ် လိုက်ခြင်းကြောင့် အသက်သေဆုံးတဲ့သတင်းများ ဖြစ်နေတတ်ပါတယ်။ လျှပ်စစ်ဟာသုံးစွဲတတ်ရင် လွန်စွာ အကျိုးရှိသလောက် နည်းစနစ်မှန်မှန်  မသုံးတတ်ရင် အသက်အန္တရာယ် သေဆုံးရသည်အထိ အန္တရာယ်များ လွန်းပါတယ်။ ဒါကြောင့် လျှပ်စစ်အန္တရာယ်နဲ့ပတ်သက်ပြီးကြုံတွေ့ရင်ဆိုင်ရတဲ့အခါ ရှောင်ရန်ဆောင်ရန် လေးတွေကို တင်ပြလိုက်ရပါတယ်။

ဓာတ်လိုက်ခံရပါက အသက်ရှုလမ်းကြောင်းကမောက်ကဖြစ်ကာ ရုတ်တရက်လဲကျသွားခြင်း၊ကြွက်သား များ ရှုံ့တွကျုံ့သွားခြင်း၊ မီးလောင်ခံရသလို အသားကျက်သွားခြင်း၊ လေသင်တုန်းဖြတ်သွားခြင်း၊ ခန္ဓာကိုယ်တွင်းရေဓာတ်ဆုံးရှုံးသွားခြင်း၊ မီးလောင်ဒဏ်ရာရခြင်း (သို့)  အသားများကွဲအက်ခြင်း၊ သွေးခဲခြင်း၊ တစ်ရှုးများသေသွားခြင်း၊ နှလုံးနဲ့ကျောက်ကပ်တို့ ပျက်စီးသွားခြင်း၊ ရုတ်တရက် နှလုံးခုန်ရပ်ပြီး သေဆုံး နိုင်ခြင်း စသည်တို့ ဖြစ်စေနိုင်ပါတယ်။

ဓာတ်လိုက်ခံရသူကိုကယ်တင်ရမည့်နည်းစနစ်များ

(၁) မိမိမျက်စေ့ရှေ့မှာ ဓာတ်လိုက်ခံနေရသူကို မြင်တွေ့ရသောအခါ၊ ထိုသူကိုချက်ချင်းသွားမထိပါနဲ့ဦး။  မိမိကိုယ်ကို လျှပ်စစ်စီးကြောင်း စက်ကွင်းမှလွတ်အောင်ဝေးရာသို့ အမြန်ခုန်ရှောင်လိုက်ပါ (သင်အန္တရာယ် ကင်းမှသာ ထိုဓာတ်လိုက်ခံနေရသူကို ကယ်တင်ပေးနိုင်မှာဖြစ်ပါတယ်)

(၂) ဓာတ်လိုက်ခံနေရသူသည် မီးခလုတ်ကို လက်ကကိုင်လျက်တန်းလန်းဖြစ်နေပါလျှင် ထိုသူကို လျှပ်စီးကြောင်းပြတ်တောက်စေဖို့ မီတာပုံးမှဖျူးကို အမြန်ဖြုတ်ချလိုက်ပါ။ အကယ်၍ အကြောင်းအမျိုးမျိုး ကြောင့်မီတာပုံးမှဖျူးကိုဖြုတ်ချဖို့ အဆင်မပြေရင်တံမြက်စည်း လက်ကိုင်အရိုး(သို့) ရေမစိုသောဝါးလုံး၊ သစ်သားတုတ်(သို့) သတင်းစာစက္ကူ(သို့)ကော်ပေတံ စသည့်လျှပ်စီးကြောင်းမကူးစေသော ပစ္စည်းတို့ဖြင့် ထိုသူကိုင်နေသော မီးခလုတ်ကိုပိတ်ပေးပါ။ 

(၃) မလွှဲသာ၍ မိန်းလိုင်းကိုမပိတ်ရဘဲ လူကို ၀ယ်ကယ်ရမယ်ဆိုပါက၊ မိမိခြေချရမည့်နေရာတွင် ရေစွတ်စိုနေခြင်း မရှိရန် သတိရှိပါစေ။ သို့မဟုတ်ပါက မိမိကိုပါ ဓာတ်လိုက်ခံရပါလိမ့်မယ်။

(၄) ရာဘာဖိနပ် ခြောက်ခြောက်ကို စီးပြီး ၀င်ကူနိုင်ရင် ပို၍စိတ်ချရပါတယ်။

(၅) ဓာတ်လိုက်ခံနေရသူ၏ ခြေလက်များကို ကိုင်ဆွဲမည်ပြုပါက ထိုသူ၏ အဝတ်အစားများကို ခြောက်သွေ့သောနေရာမှ အားပြုပြီး ဆွဲယူသင့်ပါတယ်။

(၆) လူနာလျှပ်စီးအန္တရာယ်မှ ကင်းလွတ်ကြောင်း သေချာသွားပြီဆိုမှသာ သင်သူ့ကို စတင်ထိတွေ့ ကိုင်တွယ်ပါ။ 

ဓာတ်လိုက်ခံရသူကိုရှေးဦးသူနာပြုစုနည်း

ဓာတ်လိုက်ခံရပါက ရုတ်တရက်တုန်/ခုန်စွာခံစားရသလို၊ ဗို့အားပြင်းပါက ချက်ချင်းအသက်ဆုံးရှုံးသွား သည်အထိ ဖြစ်စေပါတယ်။

(၁) များသောအားဖြင့် ဓာတ်လိုက်ခံရတဲ့အခါ သတိလစ်မေ့မြော၍ နှလုံးခုန်ရပ်တန့်သွားစေလို့ သူ့ နှလုံးပြန်ခုန်လာစေပြီး၊ အသက်ရှုနိုင်အောင် CPR(ခေါ်)နှလုံး၊ အဆုတ်တို့ကိုပြန်လည်အလုပ်လုပ်စေတဲ့ ရှေးဦးသူနာပြုနည်းဖြင့် ပြုစုပေးရပါမယ်။

(၂) မိမိကယ်တင်လိုက်တဲ့လူနာဟာ နှလုံးရောအသက်ရှုပါရပ်တန့်နေသည်ကို တွေ့ရပါက ထိုသူ၏ ရင်ဘတ်ကို လက်မြန်ခြေမြန်ဖြင့် တစ်ချက်နှစ်ချက်ထုပေးလိုက်ပါ။ လျှပ်စစ်ဓာတ်အားအရှိန်ဖြင့် ရပ်တန့်နေသော နှလုံးပြန်လည်လှုပ်ရှားလာပါလိမ့်မယ်။ ထိုအခါ -

ဓာတ်လိုက်ခံရသူ၏ နှာခေါင်းပေါက်ကို လက်ဖြင့်ပိတ်လိုက်ပါ။

ပြီးရင် လူနာ၏ပါးစပ်ကို မိမိ၏ပါးစပ်ဖြင့်အုပ်ပြီး ယင်း၏အဆုတ်အတွင်းသို့ လေကိုမှုတ်သွင်းပေးပါ။

ရင်ဘတ်ဖောင်းကြွလာသည်ကို စောင့်ကြည့်ပြီးနောက် မိမိ၏ပါးစပ်ကို ယင်း၏ပါးစပ်မှ ဖယ်ထုတ် ပါ။

အထက်ပါနည်းအတိုင်း တစ်မိနစ်လျှင် ဆယ်ကြိမ်ခန့်မှန်မှန် အသက်ပြန်ရှုလာသည်အထိ ပြုလုပ်ပေးပါ။

ပထမခြောက်ကြိမ်ကို တတ်နိုင်သမျှ လျှင်မြန်စွာ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

(၃) လူနာအသက်ရှုမရှုစစ်ကိုစစ်ဆေးပါ။ သွေးခုန်နေသလားစစ်ဆေးပါ။ အကယ်၍ အသက်ရှုနေတယ်၊ သတိမလစ်ဘူးဆိုရင် ထိုသူ၏ ခန္ဓာကိုယ်အနှံ့ဒဏ်ရာဒဏ်ချက်ရှိ၊ မရှိစစ်ဆေးပါ။အမြင်၊ အကြားအာရုံကောင်း မကောင်း၊ စကားပြောကြည့်ပါ။

(၄) မီးလောင်ဒဏ်ရာခပ်သေးသေးဆိုရင် အပူလောင်ပျောက်ဆေးတစ်ခုခု လိမ်းပေးနိုင်ပါတယ်။ မီးလောင်ဒဏ်ရာကြီးပါက ကြမ်းကြမ်းတမ်းတမ်းမကိုင်မိပါစေနှင့်။ လူနာတင်ယာဉ်လာတဲ့အထိစောင့်ပါ။

(၅) ဓာတ်လိုက်၍ ရုတ်တရက်လဲကျခြင်းကြောင့် ခေါင်းကွဲခြင်း၊ နဖူးပေါက်ခြင်း၊ ခြေလက်ကျိုးပဲ့ခြင်း၊ ခန္ဓာကိုယ်မှာသွေးထွက်သံယိုအနာတရဖြစ်ခြင်းတို့အတွက်၊ လူနာတင်ယာဉ်မလာခင် သွေးထွက်မလွန်အောင်တတ်ကျွမ်းနားလည်သလောက်ပြုစုပါ။

(၆) အရေးပေါ်လူနာတင်ယာဉ်မလာမချင်း၊ လူနာကို တခြားနေရာသို့ ရွှေ့ပြောင်းပေးဖို့ မကြိုးစားပါနဲ့။ အဘယ်ကြောင့်ဆိုသော် သင့်ရဲ့မကျွမ်းကျင်မှုက ထိုလူနာကို နာကျင်မှုဒဏ်ရာပိုဖြစ်စေတတ်လို့ပါ။ 

(၇) လူနာတင်ယာဉ် မလာမချင်းလူနာအနားမှာ စောင့်ကြည့်ပေးပြီး၊ စောင်ပါးပါးခြုံထားပေးပါ။

(၈)ဆေးရုံရောက်သွားတဲ့အခါမှာသက်ဆိုင်ရာဆရာဝန်များက၊ လိုအပ်သလိုနှလုံး ECG ရိုက်ခြင်း၊ သွေးပေါင်ချိန် စစ်ဆေးခြင်း၊ CT scan ဆွဲခြင်း၊ MRI စစ်ဆေးခြင်းစသည်ဖြင့် လိုအပ်သလိုပြုစုပေးပါလိမ့်မယ်။

ကာကွယ်ရန် နည်းလမ်းကောင်းများ

ကာကွယ်ခြင်းကကုသခြင်းထက်ပိုမိုထိရောက်ပါတယ်။ ဒါကြောင့် နောင်ရေးစိတ်အေးရလေအောင် အောက်ပါနည်းနာများအတိုင်း ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲကြပါရန် အကြံပြုတိုက်တွန်းလိုက်ရပါတယ်။

(၁) လျှပ်စစ်ဓာတ်အားကို မည်သည့်အခါမဆို မထီမဲ့မြင်သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။

(၂) ပေါက်ပြဲဆွေးမြေ့နေတဲ့ အိမ်တွင်းဓာတ်ကြိုးများကို တွေ့ရှိပါက လစ်လျူရှုမထားဘဲ အမြန်လဲပါ။

(၃) လျှပ်စစ်မီးကြိုးနှင့် ပစ္စည်းကိရိယာများကို ကလေးငယ်များ ဆော့ကစားခြင်းမပြုနိုင်အောင် ဂရုတစိုက် ထိန်းသိမ်းပါ။

(၄) ကွဲအက်ပျက်စီးနေတဲ့ မီးခလုတ်၊ မီးခေါင်း၊ ပလပ်ပင် စတဲ့ လျှပ်စစ်ပစ္စည်းများကို ဆက်လက်သုံးစွဲခြင်းမပြုဘဲ ကျွမ်းကျင်နားလည်သော လျှပ်စစ်လုပ်သားများဖြင့်သာ အမြန်လဲလှယ်သုံးစွဲပါ။

(၅) လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို မြေစိုက်ကြိုး စနစ်တကျတပ်ဆင်ထားပြီး ကလေးများ ကိုင်တွယ်မိခြင်းမရှိစေရန်လည်း ကာကွယ်ထားပါ။

(၆) လျှပ်စစ်မီးပျက်နေလျှင်သော်လည်းကောင်း၊ လျှပ်စစ်ပစ္စည်းကိရိယာများ ပျက်စီးချို့ယွင်းနေလျှင် သော်လည်းကောင်း မိမိကိုယ်တိုင် ပြင်ဆင်မှုကို လုံးဝ မလုပ်ပါနှင့်။

(၇) ဓာတ်တိုင်များအပေါ် မည်သည့်အကြောင်းကြောင့်မျှ မတက်ပါနှင့်။ 

(၈) ဓာတ်တိုင်များ ယိုင်နဲ့နေလျှင် လျှပ်စစ်အဖွဲ့သို့ အကြောင်းကြားပါ။

(၉) အိမ်ရှိမိသားစုဝင်များအားလုံးကို မီးခလုတ်နဲ့လျှပ်စစ်ပစ္စည်းများကို အန္တရာယ်ကင်းစွာကိုင်တွယ်ပုံ အကြောင်းသတိပေးပါ။

(၁၀) ကလေးငယ်များကိုမီးခလုတ်၊ ပလပ်ပေါက်များ ဆော့ကစားခြင်းမပြုရန်နှင့်လျှပ်စစ်အန္တရာယ် လွန်စွာကြောက်စရာကောင်းကြောင်း သင်ပြပါ (ဖြစ်နိုင်ရင်ဓာတ်လိုက်စေနိုင်သည့်ပစ္စည်းများကို ကလေးတွေမတွေ့ထိနိုင်တဲ့နေရာမှာထားပါ)

(အထူးသတိပြုရန်)

ဓာတ်ပုံရိုက်လိုက်တဲ့အခါကင်မရာထဲမှထွက်လာသော အလင်းရောင်နှင့်လမ်းမပေါ်ဓာတ်တိုင်ရှိ ဗို့အား ပြည့် လျှပ်စစ်စီးကြောင်းများ ရုတ်တရက်ထိတွေ့ခြင်းက ကင်မရာမင်း(ဓာတ်ပုံရုံက်သူ)ကို ဓာတ်လိုက်၍ အသက်ဆုံးရှုံးစေကြောင်း သာဓကများစွာရှိ၍ ဆင်ခြင်ကြစေလိုပါသည်။ 

ပေါက်ပေါက်







အခြားဆက်စပ်သတင်းများ