နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးကာကွယ်ရေး ကြိုတင်ပြင်ဆင်ကြစေလို

ဇူလိုင်    ၁၈


မြန်မာနိုင်ငံတွင် နှစ်စဉ်ရေကြီးမှု သုံးကြိမ်ဖြစ်လေ့ရှိသည်။ ဇွန်လ (မိုးဦးကာလ) တွင် တစ်ကြိမ်၊ ဇူလိုင် - သြဂုတ်လ (မိုးလယ်ကာလ) တွင် တစ်ကြိမ်နှင့် စက်တင်ဘာ - အောက်တိုဘာလ (မိုးနှောင်း နှင့် မိုးလွန်ကာလ) တွင် တစ်ကြိမ် ပေါင်းသုံးကြိမ် ဖြစ်ပေါ်လေ့ရှိသည်။ မြန်မာနိုင်ငံ၌ မုတ်သုံဝင်ပြီးနောက်စတင်သည့် မိုးဦးကာလ (ဇွန်လ)တွင် မိုးနည်းနေရာမှ ဇူလိုင်၊ သြဂုတ်နှင့်  မိုးလယ်ကာလတို့တွင် မိုးများနိုင်ပြီးရေဘေးအတွက် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ကြောင်းတို့ကို  မိုးလေဝသပညာရှင်များက နှစ်စဉ် သတိပေးထားသည်။ 


မိုးရေချိန် စံချိန်သစ်တင်


ဇူလိုင်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် မိုးရေချိန်စံတင်ခဲ့ပြီးတစ်မြို့လုံးနီးပါးရေလျှံခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင်လည်းထစ်ချုန်းမိုးရွာခဲ့သည်။ ဧရာဝတီမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်               မြစ်ကြီးနား၊ ရွှေကူ၊ ကသာမြို့မြစ်ကမ်းအနီးနှင့်  မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုကြရန်နှင့် ဧရာဝတီမြစ်တွင် ရေတက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။ မန္တလေးမြို့၏ ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့် လေးနှစ်ဆက်တိုက် ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိခဲ့သည်။

ယခုနှစ်တွင်လည်းမိုးကြီးခြင်းကြောင့်  ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်သည်။ မိုးရွာသွန်းမှုကြောင့်လည်း တောင်ပေါ်ဒေသများတွင် မြေပြိုခြင်း၊ ချောင်းရေများပြည့်လျှံပြီးလူနှင့်တိရစ္ဆာန်များမျောပါခြင်းတို့ဖြစ်ပွားတတ် ပေသည်။ သို့ပါ၍ နှစ်စဉ်ရှောင်လွှဲမရနိုင်သော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ရေလွှမ်းမိုးခြင်းဖြစ်စဉ်ကိုရှောင်ရှားနိုင်ကြပါစေရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြပါရန် အောက်ပါအတိုင်းတိုက်တွန်းနှိုးဆော်လိုက်ရပါသည်။


ရေလွှမ်းမိုးမှုမဖြစ်မီ ကြိုတင်ဆောင်ရွက်ရန်

မိမိအိမ်ပတ်ဝန်းကျင်ရှိဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုကိုစစ်ဆေးပါ။ မိသားစုများ အရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ (ဥပမာ အသက်ကယ်ကုန်းမြင့်၊ ရေလွတ်နိုင်သည့်နေရာများ၊ အဆောက်အအုံများ)၊ ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍မြင့်သောနေရာတွင်ထားရှိပါ။ အရေးပေါ်သုံးပစ္စည်းများ၊ စားရေးရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်း များကိုမိမိနှင့်အတူထားပါ။ မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူစသည်တို့အားရေးသားပြီး မိသားစုဝင်တိုင်းယူဆောင်ထားပါ။ သောက်သုံးရေများကြိုတင်စုဆောင်းထားပါ။ ချက်ပြုတ်နိုင်ရန် ပလပ်စတစ်ဘူးတွေထဲရေသန့်များဖြည့်ထားပါ။ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ၊ (ဥပမာ အသက်ကယ် အင်္ကျီ၊ ဗောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ဌက်ပျောတုံး၊ သစ်တုံး၊ တာယာကျွတ်)၊ ရေလွှမ်းမိုးသော လက္ခဏာသိမြင်ရပါက လျှပ်စစ်မီးခလုတ်များကိုပိတ်ပါ။


မိမိပတ်ဝန်းကျင်ရှိမြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သောရေကြီးမှုအမြင့်ပေများကို သိရှိမှတ်သားထားပါ။ မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်စေနိုင်သော နေရာများကို မြင်သာသောအမှတ်အသားထားရှိပါ။ ကိုယ်နေထိုင်သောအရပ်ဒေသ၏ ရေလွှမ်းမိုးနိုင်သော အန္တရာယ် အနေအထားနှင့် ဒေသမြေမျက်နှာပြင်ရှိအနေအထားကို ကြိုတင်သိအောင်လေ့လာထားပါ။ ပတ်ဝန်းကျင် ကုန်းမြေအနေအထားနှင့် မိမိဒေသအနီးတဝိုက်တွင်ရှိသော ချောင်းများ၊ တာတမံများနှင့် မည်သို့ဆက်စပ်မှုရှိ ကြောင်းကို ခြုံငုံကြည့်ထားပါ။ ထိုသို့ ကြိုတင်လေ့လာထားခြင်းဖြင့် မိုးအကြီးအကျယ်ရွာသောအခါ မိမိနေထိုင်ရာ၊ အလုပ်လုပ်ရာတွေကိုမည်သို့မည်ပုံအကျိုးသက်ရောက်မှုရှိနိုင်ကြောင်းခန့်မှန်း၍ရနိုင်သည်။ ရေဒီယို၊ ရုပ်မြင်သံကြား တို့မှ ထုတ်လွှင့်သောရေလွှမ်းမိုးမှုနှင့်ပတ်သက်သည့် သတိပေးချက်များကိုနားထောင်ပါ။ ရေလွှမ်းမိုးသောလက္ခဏာတွေကိုသတိဖြင့် အမြဲစောင့်ကြည့်ပါ။ အန္တရာယ်ကင်းအောင် ရှောင်ရှားနိုင်ဖို့ ကြိုတင်တွက်ဆရှောင်ရှားနိုင်ပါစေ။ 


ရေကြီးခြင်းဖြစ်ပေါ်နေချိန် ရှောင်ရှားရန်

ရေထဲတွင်ရေကူးခြင်း၊ လမ်းလျှောက်ခြင်းမပြုပါနှင့်။ ရေစိုနေသောလျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။ အိမ်မွေးတိရစ္ဆာန်များကိုမလိုအပ်ဘဲ ချည်နှောင်ထားခြင်းမပြုလုပ်ပါနှင့်။ ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတတ်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့မသွားပါနှင့်။

အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မိန်းခလုတ်များကိုပိတ်ထားပါ။ သောက်သုံးရေသန့် (သို့မဟုတ်) ကျိုချက်ထား သောရေ (သို့မဟုတ်) ရေသန့်ဆေးခတ်ထားသောရေကိုသာအမြဲသောက်သုံးပါ။ အဆိပ်ရှိသောတိရစ္ဆာန်များ အိမ်၊ ခြံအတွင်း၌ ရှိ၊ မရှိစစ်ဆေးပါ။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို        စဉ်ဆက်မပြတ်နားထောင်ပြီးအကြံပြုချက်များကို လိုက်နာပါ။


ရေလွှမ်းမိုးပြီးနောက် ဆောင်ရွက်ရန်

မိသားစုဝင်များပျောက်ဆုံးကွဲကွာပါက သက်ဆိုင်ရာသို့အကြောင်းကြားပါ။ အမှိုက်များအားစနစ်တကျ ရှင်းလင်းခြင်း၊ တိရစ္ဆာန်အသေကောင်များအား စနစ်တကျမီးရှို့ခြင်း (သို့မဟုတ်) မြေမြှုပ်ခြင်းများ ပြုလုပ်ပါ။ လိုရမယ်ရဆေးကုသပေးနိုင်မည့် နေရာကိုရှာပါ။ အကယ်၍ ကူညီပြုစုစောင့်ရှောက်မှု အထူးလိုအပ်နေသောသက်ကြီးရွယ်အိုများ၊ မွေးကင်းစကလေးငယ်များနှင့်မသန်စွမ်းသူတွေရှိပါက အကူအညီပေးပါ။ သဘာဝ ဘေးအန္တရာယ်ကျရောက်နေသောနေရာတွေကိုရှောင်ကြဉ်ပါ။ ရေဒီယိုနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်သော မိုးလေဝသ သတင်းတွေကိုစဉ်ဆက်မပြတ် နားစွင့်နေပါ။ ရေတွေစီးဝင်ပြီးအထဲမှာရေကျန်နေသော အဆောက် အအုံတွေကိုအထူးသတိဖြင့်ဝင်ရောက်ပါ (ရေကြီးခြင်းနှင့်အတူမျောပါလာသော အဆိပ်ရှိမြွေများ၊ ကင်းများရှိ နေတတ်သည်) အန္တရာယ်ရှိနိုင်သောဓာတ်ကြိုးများ၊ ဓာတ်တိုင်၊ သစ်ပင်၊ သစ်ကိုင်းများကိုသတိပြုရှောင်ရှားပါ။ လျှပ်စစ်ဓာတ်အားလိုင်းများပြတ်တောက်နေပါက သက်ဆိုင်ရာကိုသတင်းပို့ပါ။ ရေကြီး၍ ရေစိုသွားသောအစားအစာအားလုံးကိုလွှင့်ပစ်ပါ (နှမြောခြင်းမဖြစ်ပါနှင့်၊ ရေဆိုးရေညစ်များထဲတွင် မမြင်နိုင်သောပိုးမွှား များပါလာတတ်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ နှင့် အစာအဆိပ်သင့်မှုတွေ ဖြစ်စေနိုင်သည်) သောက်သုံးရန်နှင့် ချက်ပြုတ်ရန်ရေများကိုမသုံးခင် ၁၀ မိနစ်ခန့်ကျိုချက်ပါ။ ရေကြီးခြင်း၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်နိုင် သောဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများကိုဂရုပြုပါ။ 


မွေးမြူရေးတိရစ္ဆာန်များအတွက် သတိပြုရန်

ယခုနှစ် မိုးကြိုကာလအတွင်းမိုးသက်လေပြင်းကျရောက်ခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ မကွေးတိုင်းဒေသကြီး၏ တောင်တွင်းကြီးမြို့နယ်နှင့် စေတုတ္တရာမြို့နယ်တို့တွင် မွေးမြူရေးတိရစ္ဆာန်နွားတချို့ အသေအပျောက်ရှိခဲ့သည်။ သို့ပါ၍ မိုးဦးကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မွေးမြူထားသောတိရစ္တာန်များအပေါ် ကျရောက်နိုင် သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်နိုင်ပါရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အောက်ပါအတိုင်းအသိပေးနှိုးဆော်ထားသည်။


- ရေဒီယို၊ ရုပ်မြင်သံကြားများနှင့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည့် မိုးလေဝသ သတိပေးချက် များကိုဂရုပြုနားထောင်၊ ဖတ်ရှု၊ စောင့်ကြည့်ရန်။

- တိရစ္ဆာန်များအတွက် ဒေသတွင်းရရှိနိုင်သည့် ကောက်ရိုး၊ ပြောင်းရိုး၊ ပဲရိုးနှင့် ပဲမှော် အစရှိသည့် တိရစ္ဆာန်အစာနှင့် သောက်သုံးရေများလုံလောက်စွာ ကြိုတင်စုဆောင်းထားရန်။

- ရေကြီးရေလျှံဖြစ်ပေါ်လေ့ရှိသော ဒေသများ၌ တိရစ္ဆာန်များကိုရေဘေးအန္တရာယ်မှ ကင်းလွတ်နိုင်ရေးကြိုတင်စီမံထားရန်။

- ရေဘေးအန္တရာယ်ကျရောက်သည်မှလွဲ၍ အခြားသဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန် တိရစ္ဆာန် များကို အကာအကွယ်ရှိသောခြံများအတွင်းစနစ်တကျမွေးမြူထားရှိရန်။

- ရေဘေးအန္တရာယ်ကျရောက်လာပါက တိရစ္ဆာန်များကိုရေလွတ်သောနေရာများသို့ ပြောင်းရွှေ့နေရာ ချထားရန်အတွက် ကြိုတင်စီမံထားရန်။

- သိုလှောင်ထားသော တိရစ္ဆာန်အစားအစာများကိုရေဘေးကင်းလွတ်ရာသို့ အချိန်မီပြောင်းရွှေ့နိုင်ရေး ကြိုတင်စီမံထားရန်။

- ရေဘေးအန္တရာယ်ကျရောက်ချိန်၌ ရေပြန်ကျချိန်တွင် ကူးစက်ရောဂါများဖြစ်ပွားတတ်သဖြင့် တိရစ္ဆာန် များကို ဦးစီးဌာနက သတ်မှတ်ထားသည့်အတိုင်း တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားရန်။

- တိရစ္ဆာန်များကူးစက်ရောဂါ၊ သာမန်ရောဂါနှင့် ထိခိုက်ဒဏ်ရာများရရှိပါကဆေးကုသမှု အမြန် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ရန်။

- တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာထူးခြားဖြစ်စဉ်များရှိပါကသက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြား ပူးပေါင်း ဆောင်ရွက်ရန်။


ငါးမွေးမြူရေးကန်များရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရန်

- ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခန့်ရန်အတွက် ကန်ပေါင်ပါးသောနိမ့်သော နေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခန့်အောင်ပြုလုပ်ထားရန်။

- အကယ်၍ ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံ ထားရန်။

- ရေစီးကြောင်းနှင့်နီးသောငါးကန်များတွင် ရေတိုက်စားမှုကာကွယ်ရန်အတွက် တုတ်ရိုက်ပြီးဝါးထရံ များဖြင့် ကာရံ၍ သဲအိတ်များဖို့ထားရန်။

- လိုအပ်ပါကငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်များအား ကြိုတင်ပြင်ဆင်ထားရန်နှင့် အထူးသဖြင့် မျိုးငါးကြီးများအားဦးစားပေးရွှေ့ပြောင်းထားရန်။

- သိုလှောင်ထားသောငါးအစာနှင့် လုပ်ငန်းသုံးပစ္စည်းများအားရေလွတ်သော နေရာသို့ရွှေ့ပြောင်းထားရန်။

- ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေးဆောင်ရွက်ထားရန်။

- မွေးမြူရေးကန်၏ ရေထွက်၊ ရေလျှံပေါက်များရေကျော်မည့်နေရာများအား အစဉ်တစိုက်စစ်ဆေးရန်။

- ထူးခြားသည့် အခြေအနေများ၊ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင် မည့်နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားရန်။

- အစိုးရပိုင် ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ်မိုးလေဝသ သတိပေးချက် များနှင့် ပတ်သက်သည့်သတင်းများကိုအမြဲတစိုက်နားထောင်ရန်နှင့် ပြည်တွင်းထုတ်နေ့စဉ်သတင်းစာများတွင် ပါရှိသည့် မိုးလေဝသနှင့်ပတ်သက်သည့်သတင်း၊ ဆောင်းပါးများအားအမြဲမပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်းသတင်းအချက်အလက်ဖလှယ်ကြရန်။

- ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့်                                                                                                             ဆက်သွယ်အကူအညီတောင်းခံကြရန်။


ဆူနာမီအတွက် ကြိုတင်ပြင်ဆင်ရန်များ

ဆူနာမီဆိုသည်မှာ ပင်လယ်သမုဒ္ဒရာရေအောက်ကြမ်းပြင်ရွေ့လျားခြင်း၊ မြေပြိုခြင်း၊ ရေအောက်မီးတောင် ပေါက်ကွဲခြင်းများကြောင့် ဖြစ်ပေါ်လာသည့် အလွန်ကြီးမားသောလှိုင်းလုံးကြီးများဖြစ်သည်။

- ပင်လယ်ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများအနေဖြင့် ငလျင်လှုပ်ပြီးနောက်ထုတ်ပြန်သော ဆူနာမီသတိပေးချက်များကို သတိပြုနားထောင်ပါ။

- ဆူနာမီအန္တရာယ်မှ ပြေးခိုနိုင်မည့်နေရာ(ကုန်းတွင်းပိုင်းကုန်းမြင့်သို့) သွားရမည့်လမ်းကြောင်းအား အတိုဆုံးရေးဆွဲပြီးမိသားစုဆုံရပ်များ သတ်မှတ်ထားပါ။

- ပင်လယ်ကမ်းရိုးတန်းတွင် နေထိုင်သူများအနေဖြင့် အရေးပေါ်သုံးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားပါ။

- ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ဒီရေတောများ၊ လှိုင်းခွဲတာတမံများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ပေးထားသည်။ အသက်ကယ်ကုန်းမြင့်များအဖြစ် မှတ်သားထားပါ။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ