နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငရုတ်သီးက COVID-19 ရောဂါကူးစက်မှုကို ကာကွယ်ရာတွင် အထောက်အကူဖြစ်နိုင်

ဇူလိုင်    ၁၆


ငရုတ်သီးရာဇဝင်

အမေရိကန်ပြည်ထောင်စု၏ တောင်ဘက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့တွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းကစ၍ ငရုတ်ပင်ကို စိုက်ပျိုးလာခဲ့ကြသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအလယ် ပိုင်းရှိ မက္ကဆီကန်လူမျိုးများ၏  ရိုးရာဟင်းလျာများတွင် ငရုတ်သီးကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ရှေးခေတ်ကာလခုနှစ် ထောင်ပေါင်းများစွာကတည်းက အစဉ်အလာအဖြစ် ချက်ပြုတ်စားသုံးလာခဲ့ကြသည်။ ထိုမှတစ်ဆင့် ၁၆ ရာစု နှင့် ၁၇ ရာစု နှစ်များအတွင်း ငရတ်သီးစားသုံးမှုသည် စပိန်နိုင်ငံနှင့် ပေါ်တူဂီနိုင်ငံများ အထိ ကျယ်ပြန့်လာခဲ့ရာ၊ ယနေ့မျက်မှောက်ကာလတွင် ကမ္ဘာနှင့်အဝန်း ငရုတ်သီးကို စျေးကွက်ဝင်စီးပွားရေး ကုန်သွယ်မှုတစ်ရပ်အဖြစ် စိုက်ပျိုးလျက်ရှိကြသည်။


ငရုတ်သီးအကြောင်း သိကောင်းစရာ

ငရုတ်ပင်သည် တစ်နှစ်ပတ်လုံး အသီးသီးသောအပင်မျိုးဖြစ်သည်။ သေးငယ်သော ချုံပုတ်ပင်ပုလေးများအဖြစ် ပေါက်ရောက် ကြပြီး ပင်စည်ကမာကျောသည်။ အပင်၏အမြင့်သည် ၁ မီတာအထိရှိကာ အဖြူရောင်ပန်းကလေးများ ပွင့်သည်။ အမျိုးအစားပေါ်မူတည် ၍ ငရုတ်သီးအတောင့်၏အရွယ်အစား၊ ပုံသဏ္ဌာန်၊ အရောင်နှင့် အရသာ(ပူစပ်နှုန်း) တို့မှာလည်း ကွဲပြားခြားနားကြသည်။ ငရုတ်သီးစိမ်း၊ မိုးမျှော်ငရုတ်သီး၊ ကုလားအော်သီး၊ ပန်းငရုတ်သီး (ခေါ်) ငရုတ်ပွသီး စသည်ဖြင့် ငရုတ်သီးအမျိုးအစား အမျိုးမျိုးရှိကြသည်။ အသီး တောင့်ထဲတွင် အတန်ငယ် ပြားသည့် အစေ့လေးများရှိကြပြီး၊ ယင်းအစေ့များက အသီးထဲရှိ အဖြူရောင်အချင်းတိုင်နှင့် တွယ်ကပ်နေကြသည်။ ငရုတ်သီး၏ အပူစပ်ဆုံးနေရာသည် ထိုအချင်းတိုင်နှင့် အစေ့များဖြစ်သည်။ ငရုတ်သီး၏ အနံ့နှင့် အရသာကို ကြိုက် နှစ်သက်ကြသော်လည်း အစပ်ကြောက်သူများအနေဖြင့် ထိုအချင်းတိုင်နှင့် အစေ့များကိုဖယ်၍ စားသုံးခြင်းဖြင့် အစပ်အရသာ လျော့စေပါသည်။

ငရုတ်သီးတောင့်၏ အရောင်မှာ စိမ်းသွားလျှင်သော်လည်းကောင်း၊ ရင့်မှည့်သွားလျှင်သော်လည်းကောင်း၊ အနီရောင်သို့ ပြောင်းသွားလျှင်သော်လည်းကောင်း အပင်မှခူးဆွတ်ပေးရမည်။ သို့မဟုတ်ပါက အသီးတောင့်သည် အပင်ပေါ်မှာပင် တွန့်လိမ်ခြောက်ကပ်သွားသည်။ အသီးတောင့်ထဲတွင် သဘာဝအလျောက် Capsaicin, Capsanthin နှင့် Capsorubin ဟူသော Alkali ဓာတ်ပေါင်းများ ပါရှိနေခြင်းကြောင့် ငရုတ်သီး၏ အနံ့အရသာသည် ပူစပ်မွှန်ထူနေခြင်းဖြစ်သည်။ အထူးသဖြင့် ငရုတ်သီးအခြောက် နှင့် အမှုန့် တို့ကို ကိုင်တွယ်သည့်အခါ  လက်များကို ပူလောင်စေရုံမျှမက၊ ရံဖန်ရံခါ နှာမွှန်ပြီး မျက်စိနှင့် လည်ချောင်းတို့ကိုပါ ပူစပ်ပူလောင်ဖြစ်စေသည်။ ထို့ကြောင့် ငရုတ်သီးကိုင်ထားသောလက်ဖြင့် မျက်စိကို မထိမိစေရန် အထူးသတိထားရမည်။


စျေးကွက်ဝင် မြန်မာ့ငရုတ်သီးစိမ်း

ပြည်တွင်း၌ ငရုတ်ကို ဧရာဝတီတိုင်းဒေသကြီးအပါအဝင် ကျောက်ဆည်၊ မြစ်သား၊ ဟန်မြင့်မိုရ် စသည့် ဒေသတို့၌ စိုက်ပျိုးလေ့ရှိကာ ကုန်းမြင့်ဒေသတို့၌ သြဂုတ်လအတွင်း စတင်စိုက်ပျိုးပြီး၊ မြေနိမ့်ဒေသများတွင် စက်တင်ဘာလအတွင်း စိုက်ပျိုးလေ့ရှိသည်။  နေပြည်တော်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ပြည်၊ အုတ်ဖို စသည့်ဒေသတို့၌ ငရုတ်သီးအစိမ်းကိုအဓိကထား စိုက်ပျိုးလျက်ရှိပြီး ပြည်တွင်းမှ ထွက်ရှိသည့် ငရုတ်သီးအနီများကို ပြည်ပနိုင်ငံများက ဝယ်ယူလေ့ရှိကာ စျေးကွက်ဝင်သီးနှံ ဖြစ်လာသည်။  မြန်မာ့ငရုတ်သီးကို တရုတ်၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများသို့ တင်ပို့လေ့ရှိကာ နောက်ပိုင်းတွင် ယင်းနိုင်ငံများသည် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်ဖြင့် စိုက်ပျိုးထားသော ငရုတ်သီးများကိုသာ လက်ခံတော့မည်ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ပြည်ပသို့ ငရုတ်သီးစိမ်းများကို အမှည့်ခံ တင်ပို့နိုင်ရန် ခေတ်မီသောနည်းပညာကို တောင်သူများအားသိစေဖို့အတွက် ယခုအခါ ငရုတ်သီး စျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးရေးအသင်းက တောင်သူများ ငရုတ်စိုက်ပျိုးရာနေရာသို့ အရောက်သွား၍ ကွင်းဆင်းဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ငရုတ်သီးစားဖွယ်စုံ

ငရုတ်သီးအစိမ်းနှင့် အခြောက်တို့တွင် ပိုးသတ်ဆေးအကြွင်းအကျန်များ၊ သဲမှုန်၊ မြေမှုန်နှင့် မှိုများက ကပ်ငြိနေတတ်၍ မချက်ပြုတ်မီ ၎င်းတို့ကို ရေနှင့်စင်ကြယ်စွာဆေးကြောသင့်ပေသည်။ ငရုတ်သီးစိမ်းကို ဟင်းချက်ပြုတ်ရာတွင်သော်လည်းကောင်း၊ မြန်မာ့ရိုးရာအစားအစာ လက်ဖက်သုပ်အပါအဝင် အသုပ်စုံများ၊ ဟင်းသီးဟင်းရွက်သုပ်၊ အသီးအနှံသုပ်၊ အသားသုပ် အမျိုးမျိုးတို့တွင် လည်းကောင်း၊ ချဉ်စပ်ဟင်းရည်အတွက် လည်းကောင်း၊ သနပ်ချဉ်၊ ရိုးရာမုန့်ပဲ သရေစာများတွင်လည်းကောင်း၊ ငရုတ်သီးဆော့စ်ပြုလုပ်၍လည်း ကောင်း စသည်ဖြင့် ကျား၊ မ မရွေး အပူအစပ်ကြိုက်သူတိုင်း မြိန်ယှက်စွာစားသုံးကြသည်။ ထို့ပြင် ငရုတ်သီးကို အခြောက်ခံကာ အမှုန့်ကြိတ်ခြင်း (သို့မဟုတ်) ငရုတ်သီးခြောက်ကို ထောင်းထု၍ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း တို့ဖြင့်ရောနှောကာ နေ့စဉ်သုံး  ဟင်းခတ်အမွှေးအကြိုင်အဖြစ် အာရှနိုင်ငံများတွင်သာမက အနောက်နိုင်ငံများပါ  တွင်ကျယ်စွာစားသုံးလျက်ရှိကြသည်။ ပန်းငရုတ်သီး (ခေါ်) ငရုတ်ပွသီးကို အစိမ်းကြော်အဖြစ်လည်းကောင်း၊ မိမိနှစ်သက်ရာ ပုစွန်ခြောက်၊ အသားအမျိုးမျိုး၊ ပုစွန်စသည်တို့ဖြင့်  အစာသွပ်၍သော်လည်းကောင်း စားသုံး နိုင်သည်။


ငရုတ်သီးနှင့် ကျန်းမာရေး

ငရုတ်သီးတွင် လူသားတို့ခန္ဓာကိုယ်ကိုအကျိုးပြုစေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သည်။ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီ တာမင်အီး၊ ပရိုဗီတာမင်အေ၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ် နှင့် သံဓာတ်တို့ရရှိရာ အရင်းအမြစ်ဖြစ်သည်။ ထို့ပြင် ဗီတာမင်ဘီအုပ်စုများ ဖြစ်ကြသည့် နီအာစင်၊ ရီဘိုဖလာဗင်၊ ဗီတာမင်ဘီဝမ်း နှင့် ဘီစစ်တို့လည်း ကြွယ်ဝစွာပါရှိကြသည်။ ငရုတ်သီးထဲတွင်ပါဝင်သော ဗီတာမင်စီသည် လိမ္မော်သီးထဲတွင် ပါဝင်သော ဗီတာမင်စီထက် (၇) ဆ မျှပိုသည်။ နှိုင်းယှဉ်ကြည့်ရာ၌ ရင့်မှည့်သွားသော အနီရောင်ငရုတ်သီးထဲရှိ  ဗီတာမင်စီနှင့် ပရိုဗီတာမင်အေပါဝင်မှုသည် အစိမ်းရောင်ငရုတ်သီးထဲတွင်ပါဝင်မှုထက် ပို၍ များပြားနေကြောင်း တွေ့ရှိရသည်။

- အောက်စဖို့ဒ်တက္ကသိုလ်၊ ဟားဗတ်ပြည်သူ့ကျန်းမာရေးကျောင်းနှင့် တရုတ်နိုင်ငံရှိ ဆေးပညာသိပ္ပံ အကယ်ဒမီကျောင်းမှ ဆေးသုတေသနပညာရှင်များ၏ လေ့လာမှုအရ တစ်နေ့တစ်ကြိမ် (သို့မဟုတ်) နှစ်ရက် တစ်ကြိမ် အစပ်စားသူများသည် တစ်ပတ်တစ်ကြိမ် အစပ်စားသုံးသူများထက်စော၍ သေဆုံးနိုင်ခြေ ၁၄ ရာခိုင်နှုန်း နည်းပါးကြောင်း တွေ့ရှိခဲ့သည်။

- ငရုတ်သီးက သွေးကိုသန့်စေကာ၊ ပြင်ပရောဂါအမျိုးမျိုးကူးစက်ခြင်းကို တိုက်ထုတ်ပေးနိုင်သည့်အပြင် ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်သည်။

- အူမကြီး ကင်ဆာဖြစ်ပေါ်လာမှုကို ကာကွယ်ပေးနိုင်သည်။


- သွေးထဲရှိ ကိုလက်စထရောပမာဏကိုကျစေပြီး နှလုံးသွေးလွှတ်ကြောတွင် အဆီပိတ်ဆို့ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းနှင့်  လေဖြတ်ခြင်းတို့ကို လျော့ပါးသက်သာစေနိုင်သည်။

- သလိပ်ပျော် ချွဲကြေစေသည်။

- အဆုတ်ထဲတွင် သွေးကြောပိတ်ဆို့၍ သွေးခဲခြင်းကို သက်သာစေသည်။ ထို့ပြင် အဆုတ်၏  လေလမ်းကြောင်းကို  ကျယ်ကားလာစေနိုင်သည့်အတွက် ငရုတ်သီးက ပန်းနာရင်ကျပ်ရောဂါသည်များကို များစွာ ကောင်းကျိုးပြုသည်။

- အရက်အလွန်အကျွံ သောက်ခြင်းကြောင့် နာတာရှည်အဆုတ်ရောဂါ ခံစားနေရသူများနှင့် စီးကရက် မီးခိုးငွေ့များကြောင့်  အဆုတ်ထိခိုက်သူများအတွက် ငရုတ်သီးက အထူးသင့်တော်သည်။

- ကယ်လိုရီကို လျှင်မြန်စွာ လောင်ကျွမ်းစေနိုင်သဖြင့် ခန္ဓာကိုယ်ကို သွယ်လျလှပစေသည်။

- ဒူလာရောဂါနှင့်စပ်ဆက်သော အရိုးအဆစ်ရောင်ရမ်းနာတို့ကို သက်သာစေသည်။

- ခန္ဓာကိုယ်၏ တစ်သျှူးများကို အာဟာရဖြစ်စေသည်။

- ဝမ်းမီးကောင်းစေသည်။

- ဆီးကျိတ်ကင်ဆာဆဲလ်များ ပျံ့နှံ့လာမှုကို ဟန့်တားကာကွယ်ပေးသည်။

- ကင်ဆာဆဲလ် အမျိုးမျိုးတို့ကို သေစေနိုင်သည်။

- အာရုံကြောများ ပျက်စီးယိုယွင်းခြင်း၊ ရေယုန်နာပေါက်ခြင်း၊ မီးအပူလောင်ဒဏ်ရာများနှင့် အရေပြား ဖူးရောင်ခြင်း ဝေဒနာများကို သက်သာပျောက်ကင်းစေသည်။

- နှာခေါင်းပိတ်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ နှာခေါင်းပေါက်နှင့် ဆက်သွယ်ထားသော ဦးခေါင်းခွံ အတွင်းလမ်းကြောင်းကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ရောဂါ ဝေဒနာ အမျိုးမျိုးတို့ကို သက်သာစေနိုင်သည်။

- သွေးဖိအားကို ကျစေသည်။

- ခြေဖျား၊ လက်ဖျားများကို နွေးထွေးစေသည်။

- သွေးထဲရှိ သကြားပမာဏကို နှိမ့်ချပေးနိုင်စွမ်းရှိသည်။ ထို့ပြင် ငရုတ်သီးကို  မှန်မှန်စားသုံးပေးခြင်းဖြင့် အင်ဆူလင်ပမာဏကို ထိန်းချုပ်ပေးနို်င်ပြီး၊ ဆီးချိုရောဂါကိုလည်း သက်သာစေသည်။

COVID-19 ရောဂါအတွက် ငရုတ်သီး(Capsaicin) အစွမ်း

- ငရုတ်သီးထဲတွင်ပါရှိသော သဘာဝ Capsaicin အပူဓာတ်သည် သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေပြီး၊ အသက်ရှူလမ်းကြောင်းအတွင်း ရောဂါပိုးများ ဝင်ရောက်ခြင်းကို တိုက်ထုတ်ပေးသည့်အတွက် COVID-19 ရောဂါကို ဖြစ်ပေါ်စေသော ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုကို ကာကွယ်ရာတွင် ငရုတ်သီးက အထောက်အကူဖြစ်စေနိုင်ကြောင်း  သြစတြေးလျသုတေသီများက အကြံပြုထားသည်။  

- ငရုတ်သီးထဲတွင်ပါရှိသော Capsaicin ဓာတ်က ဦးနှောက်ကို တက်ကြွလန်းဆန်းစေကာ၊ ရောဂါ ဘယများကို နာကျင်ခြင်းမှ သက်သာစေသည့် ဟော်မုန်းတစ်မျိုးကို ဦးနှောက်မှ ထွက်ရှိလာအောင် နှိုးဆော်ပေးနိုင် စွမ်းရှိသည်။ ထို့ကြောင့်  ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရရှိပါက၊ ငရုတ်သီးကို စားသုံးပေးသင့်သည်။ ထို့ပြင် ငရုတ်သီးစပ်စပ် စားပေးခြင်းဖြင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေသည်။

- ငရုတ်သီးစပ်စပ်ကို စားလိုက်သောအခါ ၄င်းတွင်ပါရှိသော Capsaicin ဓာတ်သည် ပူလောင်ခြင်းကို ဖြစ်ပေါ်ခံစားရသဖြင့် ချွေးများထွက်ကာ၊ နှာရည်များကျလာသည့်အတွက်  ထိပ်ကပ်နာဝေဒနာသည်များနှင့် နှာခေါင်းပိတ်သူများအနေဖြင့် ငရုတ်သီးစပ်စပ် စာသုံးပေးသင့်သည်။

- Harvard သုတေသီများ၏ သုတေသနပြုချက်များအရ Capsaicin ဓာတ်သည် ကိုယ်ဝန်သည်မိခင်များ ကလေးမီးဖွားစဉ် နာကျင်မှုသက်သာစေနိုင်ကြောင်း၊ Pathological Pian ဖြင့် ကုသမှုခံယူနေကြရသော လူနာများကိုလည်း နာကျင်မှုဝေဒနာများ သက်သာစေကြောင်း အတည်ပြုထားသည်။

- ငရုတ်သီးထဲရှိ Capsaicin ဓာတုဓာတ်တစ်မျိုးက အဝလွန်ခြင်းနှင့်  ကင်ဆာရောဂါကို တိုက်ခိုက်နိုင်သည့် အစွမ်းသတ္တိရှိ ကြောင်းကို ၂၀၁၅ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ဗြိတိန်ဆေးဝါးဂျာနယ်တွင် ပုံနှိပ်ဖော်ပြသွားခဲ့သည်။ ထိုလေ့လာမှုတစ်ရပ် တွင် ပရဟိတပါဝင်သူများမှာ အသက် ၃၀ မှ ၇၉ နှစ်အကြား အရွယ်ရှိကြောင်း သိရသည်။

သတိပြုမှတ်သားရန်

ငရုတ်သီးစိမ်းတောင့် နှင့် အမှုန့်များကို လွန်ကျူးစွာစားသုံးပါက အစာအိမ်ကင်ဆာ နှင့် အသည်းကင်ဆာများ ဖြစ်ပေါ်စေတတ်ကြောင်းကို အိန္ဒိယ၊ မက္ကဆီကိုနှင့် Yale တက္ကသိုလ်မှ ကျန်းမာရေးသုတေသီများက အကြံပြု သတိပေးထားကြသည်။

အချုပ်အားဖြင့်ဆိုသော် လောကနိယာမ သဘောသဘာဝအတိုင်း အရာရာတွင် အကောင်းနှင့် အဆိုးသည် အမြဲဒွန်တွဲလျက်ရှိ နေကြသည်။ ထို့အတူ ငရုတ်သီးတွင် လူသားတို့ကျန်းမာရေးအတွက် အားနည်းချက် နှင့် အားသာချက်များပါရှိနေသည်။ သို့သော် အားသာချက်များသော ငရုတ်သီးကို သတိနှင့်ယှဉ်၍ သင့်တင့် လျောက်ပတ်စွာ အကျိုးရှိရှိစားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါကြောင်း သတင်း ကောင်းပါးလိုက်ရပါသည်။   

     

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ