နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗုဒ္ဓဘာသာဝင်တချို့ သိစေဖို့ပါ

ဇူလိုင် ၁၃


Facebook ပေါ်မှာ ဗုဒ္ဓဘာသာ၀င်တချို့က မြတ်စွာဘုရားကို သစ်သီးဆွမ်းကပ်လှူတဲ့ ပုံလေးတွေတင်ပြီး ကုသိုလ် မျှဝေကြတာ သာဓုခေါ်ပါတယ်။

သို့သော် လူတချို့ အယူအဆ မှားတာလေးတွေကို မြင်နေရတော့ မျက်နှာမလွှဲတတ်တဲ့ ကျွန်မအနေနဲ့ မနေသာတော့ဘဲ ဒီဆောင်းပါးလေးကို ရေးတင်လိုက်ရပါတယ်ရှင်။

ဗုဒ္ဓဘာသာကိုးကွယ်သူ အဘိုးအဘွား၊ အမိအဖက သက်ဆင်းလာတာကြောင့် မွေးဖွားလာကြတဲ့ သားသမီးတွေကလည်း ဗုဒ္ဓဘာသာကိုးကွယ်ကြပါတယ်။ ဒါကို "မိရိုးဖလာဗုဒ္ဓဘာသာ၀င်" လို့ ခေါ်ပါတယ်။ မြတ်စွာဘုရားကို လေးနက်ယုံကြည် သက်၀င်စွာဖြင့်  တရားဓမ္မတွေကို ကိုးကွယ်ကျင့်ကြံ အားထုတ်ခြင်းက "တကယ့်ဗုဒ္ဓဘာသာ၀င်စစ်စစ်" ဖြစ်ပါတယ်။

လောကလူအများက ဗုဒ္ဓဘာသာ၀င်(I am Buddhist) ဆိုကြသော်လည်း အများစုက "မိရိုးဖလာ ဗုဒ္ဓဘာသာ၀င်" သာဖြစ်နေကြပြီး၊ "တကယ့်ဗုဒ္ဓဘာသာ၀င်စစ်စစ်" ဖြစ်ဖို့ လိုအပ်နေကြပါသေးတယ်။

ကျွန်မတို့ သစ်သီးစားကြတဲ့အခါ အခွံနွှာ၊ အစေ့ဖယ်ပြီး စားကြပါတယ်။ ထို့အတူ မြတ်စွာဘုရားအတွက် သစ်သီးကပ်လှူသောအခါမှာလည်း သစ်သီးတွေကို အခွံနွှာ၊ အစေ့ဖယ်ပြီး ရိုရိုသေသေကပ်လှူရပါမယ်။ {သရက်သီး၊ ပန်းသစ်တော်၊ မင်းကွတ်၊ ကျွဲကော၊ နာနတ်၊ နဂါးမောက် စတဲ့ သစ်သီးတွေကို မခွဲမစိပ်ပဲ ပန်းကန်ပေါ်တင် အလုံးလိုက် ကပ်လှူနေတာမျိုး မဖြစ်သင့်ပါဘူး}


အဲဒီလို သစ်သီးတွေကို အလုံးလိုက်ကပ်တာက "ပူ​ဇော်" တာမဟုတ်ပဲ "ပသ" တာ ဖြစ်ပါတယ်။ မြတ်စွာ ဘုရားကို ပသ ရတာမဟုတ်ပါဘူး။ ပူဇော်ကန်တော့ ရမှာပါ။ {နတ်တွေ၊ တခြားဘာသာတွေကသာ ဥပမာ အုန်းသီး အလုံးလိုက်၊ ငှက်ပျောသီး အဖြီးလိုက်  "ပသ"နေကြတာ}

ဘုရားကို ဆွမ်းဟင်း၊ သစ်သီးလှူတဲ့အခါမှာ အတုံးကြီးကြီး မလှူသင့်ပါဘူး။ ပုံမှန် တစ်ကိုက်စာ တစ်ဇွန်းစာ လှူရပါမယ်{တချို့ ဝိနည်းရှောင်တဲ့ သံဃာတော်တွေဆိုရင် အတုံးကြီးကြီးတွေကို ဘုဉ်းမပေးကြ ပါဘူး၊ ဒါက သာဓကဖြစ်ပါတယ်}

ဆွမ်း၊ မုန့်၊ သစ်သီး စတဲ့ စားဖွယ်များ ကပ်လှူတဲ့အခါ အသုံးပြုမယ့် ပန်းကန်၊ ခွက်၊ ဇွန်းတွေကို ဘုရား အတွက် သီးသန့် ထားသင့်ပါတယ်။ {အိမ်မှာလူတွေ သုံးနေတဲ့ ပန်းကန်၊ ခွက်ထဲ ဆွမ်းထည့် ဘုရားကို ကပ် လှူကြ၊ ပြီးရင် ၄င်းဆွမ်းပန်းကန်တွေစွန့်ပြီး၊ လူက ထိုင်စားခြင်း နှိုက်စားခြင်း လုံး၀ မပြုသင့်ပါဘူး}

ဘုရားကပ်လှူထားတဲ့အစားအစာကို လူတွေမစားကောင်းဘူး။ စားရင် အာဏာစက်နိမ့်တယ်လို့ တချို့က ထင်မှတ်မှားနေကြပါတယ်။ ဒီအယူအဆ လုံး၀မဟုတ်ပါ။ ဘုရားဆီကစွန့်ပြီး လူတွေစားလို့ရ ပါတယ်။ [ပုဂံပြည် စစ်ရေးနိမ့်တဲ့ မနူဟာမင်း စစ်သုံ့ပန်းအဖြစ် ဘုရားဆွမ်းစွန့်တာပဲ နေ့စဉ်စားရလို့ သူ့ခံတွင်း အာဏာစက်ဘုန်းနိမ့်သွားတာ မဟုတ်ပါ၊ စစ်နိုင်ဘုရင်က မနူဟာမင်း ဘုန်းတန်ခိုးကြီးတာကို ကြောက်လို့ မနုဟာမင်း အာဏာစက်နိမ့်သွားအောင် တခြားသော ယုတ်နိမ့်တဲ့ အစီအမံများပြုလုပ်လိုက် တာပါ။ မယုံရင် ပုဂံဘုရားသမိုင်းကို သေသေချာချာ ရှာဖတ်ကြည့်ပါ] {တချို့ဆို နတ်ကတော်က ထွေးထုတ် တဲ့ ကွမ်းကို မြိန်ရည်ယှက်ရည် စားနေကြတာ... ဒါကမှ အယူမှား ရှက်စရာပါ၊ ခံတွင်း တံတွေးကတစ်ဆင့် ရောဂါတောင်ရနိုင်ပါသေးတယ်}


တချို့က ဘုရားဆွမ်းစွန့် စားကြသော်လည်း၊ ဆွမ်း ထည့်တဲ့အခါ " ဘုရားဆွမ်းကပ်ပြီးရင် ဒီထမင်းဟင်း ငါစားမှာမို့ ငါမကြိုက်တဲ့ ဒီဟင်းလျှော့ထည့်မယ်..  ငါကြိုက်တဲ့ ဒီဟင်း လျှော့ထည့်... စသဖြင့် ငါစားရမယ် ဆိုတဲ့ ငါ ငါ ငါ  အတွေးမရှိရပါဘူး၊ ဘုရားဘုရားဘုရား အတွက်သာ ဆွမ်းလှူဖို့ ကပ်ဖို့ တွေးရမှာပါ"

ကပ်လှူတဲ့အခါ ဘုရားဂုဏ်တော်တွေကို ၕကန်အမှန် သိမြင်ကြည်ညိုစွာဖြင့် သက်တော်ထင်ရှား မြတ်စွာဘုရားဟု ရိုကျိုးစွာ ကပ်လှူရပါမယ်။

လူတချို့က ဆွမ်းကပ်ရင် လက်သုပ်ပဝါကပ်တယ်၊ ညရောက်တဲ့အခါ ဘုရားအတွက် သုံးတော်ရေ သီးသန့်ကပ်တယ်၊ နွေပူပူမှာ မိမိအိမ်က ဘုရားခန်းကို air con ဖွင့်လှူပါတယ်.... ကျွန်မအနေနဲ့  အဲ့လို air con မလုပ်နိုင်ပေမယ့် လှူနိုင်တဲ့သူတွေကို မုဒိတာဖြစ်ရပါတယ်။

ဗုဒ္ဓဘာသာ၀င် မိတ်ဆွေများအားလုံး တစ်ကယ့် ဗုဒ္ဓဘာသာ၀င်များ ဖြစ်ကြပါစေ။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ