နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါဆိုလ ပဉ္စင်းတော်ခံပွဲ

ဇူလိုင် ၁၂

ဝါဆိုလသည် မြန်မာ့ဆယ့်နှစ်လရာသီတွင် လေးလမြောက်ဖြစ်ပြီး ထူးခြားထင်ရှားသော လတစ်လဖြစ်သည်။ ကဆုန်၊ နယုန်တည်းဟူသော နွေနှောင်းကာလများကို ကျော်ဖြတ်ကာ မိုးရာသီသို့ ဝင်ရောက်လာစ အခါကာလလည်းဖြစ်သည်။ ဝါဆိုလသည် မိုးသားမိုးရိပ်များပြည့်ဝလျက် ဟိုသည်လှည့်လည် ရွေ့လျားကာ ရွာသွန်းသောအချိန်ကာလရာသီတစ်ခုပင်ဖြစ်သည်။ မြန်မာလူမျိုးများအတွက် အခြားအကြောင်း အရာများစွာရှိသော လွန်စွာအရေးပါအရာရောက်သည့် လကောင်းလမြတ်တစ်ခုလည်းဖြစ်နေသည်။

''ဝါဆို''ဟူသော အမည်သည် အနက်အဓိပ္ပာယ်အရ ဆန်းသစ်နေသည်။ ''ဝါ''ဟူသည် ရဟန်းသံဃာများ အတွက် သတ်မှတ်ထားသော ဝါတွင်းသုံးလအခါသမယကို ရည်ညွှန်းပြီး ''ဆို''မှာ ဝါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလလုံးလုံး မိမိတို့ သီတင်းသုံးရာ ကျောင်းဝိဟာရတွင် အဘယ်ကိုမျှ ညအိပ် ညနေ ခရီးမထွက်ဘဲ အမြဲတစေနေပါမည်ဟု သံဃာများနှင့်အတူ ကတိကဝတ်ပြုရွတ်ဆိုရခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဝါဆိုလသည် ရဟန်းတော်များ တခြားအရပ်သို့မသွားဘဲ မိမိတို့ သီတင်းသုံးရာကျောင်းမှာပင် ဝါတွင်းသုံးလလုံးလုံး နေထိုင်ရန်အစပြုသော ကာလဟုလည်းဆိုနိုင်သည်။

ထို့ပြင် ဝါဆိုလ၏ ထူးမြတ်သော သမိုင်းနောက်ခံအဖြစ်များလည်း ရှိသေးသည်။ ဗုဒ္ဓဘာသာဝင်အပေါင်း တို့၏ ရှိခိုးကော်ရော်ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဂေါတမမြတ်စွာဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၀ ကျော်၊ ဝါဆိုလပြည့်နေ့တွင် မယ်တော်မာယာဝမ်းကြာတိုက်ထဲ၌ ပဋိသန္ဓေစွဲယူခဲ့သည်။ ဤဝါဆိုလပြည့်နေ့၌ ပင် မြတ်သောတောထွက်ခြင်းကို ပြုခဲ့သည်။ တဖန်မြတ်ဗုဒ္ဓသည် ဤဝါဆိုလပြည့်နေ့၌ပင် ပဉ္စဝဂ္ဂီငါးပါးနှင့် ကုဋေကုဋာမကသော နတ်ဗြဟ္မာပရိသတ်ကို ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ဤဝါဆိုလသည် ဗုဒ္ဓဘာသာဝင်တို့အဖို့ အကြောင်းသုံးပါးဖြင့် မြင့်မြတ်ထူးခြားလှသော အခါသမယလည်းဖြစ်သည်။ ထူးခြားလှသည်နှင့်အညီ ''သန္ဓေတောထွက်၊ ဓမ္မစက်၊ နှုတ်မြွက်သံချို၊ လဝါဆို''ဟူသော မော်ကွန်းစာဆိုအတိုင်း ဝါဆိုလကို အလေးအမြတ်ထားခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးမြတ်သော ဂုဏ်အပေါင်းနှင့်ပြည့်စုံနေသောလဖြစ်သည်။ မကောင်းမှုကိုရှောင်၊ ကောင်းမှုကိုဆောင်ကြသည်။ သံသရာကို အလေးထားသူများဖြစ်ကြသည့်အတိုင်း သံသရာခရီးအတွက် ဒါန၊ သီလ၊ ဘာဝနာဟူသော ကောင်းမှုကုသိုလ်ရိက္ခာများ ရှာဖွေသိုမှီးကြသည်။ ကျောင်းကန်ဘုရား၊ ပုထိုးစေတီများသို့သွားရောက်ကာ ကုသိုလ်များပြုကြသည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ တွင် ကျောင်းကန်ဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလှသည်။

ထိုမျှသာမက ဝါဆိုလတွင် မြင်တွေ့ရသော ထူးခြားသိမ်မွေ့လှသည့် မြင်ကွင်းတစ်ခုလည်းရှိသေးသည်။ ကြီးသူ၊ မြင့်မြတ်သူတို့အား ရှိခိုးကော်ရော်ပူဇော်သောပွဲများနှင့် ရဟန်းတော်များအား ဝါဆိုသင်္ကန်း ကပ်လှူပွဲများပင် ဖြစ်သည်။ ဝါဆိုလပြည့်နေတွင်ဖြစ်စေ၊ မရောက်ခင်ဝါဆိုဦးကာလမှာဖြစ်စေ၊ နောက်ပိုင်းမှ ဖြစ်စေ၊ သက်ကြီးရွယ်အိုဘိုးဘွား၊ လူကြီးသူမများကို ပူဇော်ကန်တော့ကြသည်။ ကျေးဇူးရှင်မိဘဆရာများကို ပူဇော်ကန်တော့ကြသည်။ ထို့ပြင် ရဟန်းတော်များအား ဝါဆိုသင်္ကန်းများကပ်လှူကြသည်။ မြန်မာနိုင်ငံ အနှံ့တွင် ဝါဆိုကန်တော့ပွဲများ၊ ဝါဆိုသင်္ကန်းကပ်ပွဲများကို ခြိမ့်ခြိမ့်သဲမျှ ကျင်းပကြသည်။

ဝါဆိုလနှင့်စပ်လျဉ်းပြီး မြန်မာတို့၏ ရင်ထဲနှလုံးထဲတွင် စွဲကပ်ကိန်းအောင်းနေသော ထူးခြားချက်တစ်ခုမှာ မြတ်ဗုဒ္ဓသည် ဘုရားစင်စစ်ဖြစ်တော်မူပြီးနောက် ဤလပြည့်နေ့၌ ဓမ္မစကြာတရားဦးကို ဟောကြားတော်မူခဲ့ ခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရသော် ထိုဓမ္မစကြာတရားတော်မှ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ဖြစ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံတော်မူသော မဇ္ဈိမပဋိပဒါကျင့်စဉ်ကို မှတ်သားနာယူရခြင်းပင်ဖြစ်သည်။
မြတ်ဗုဒ္ဓသည် ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲခြင်းကိုဖြစ်သော အကြောင်းအရင်းအမှန်တရား၊ ဆင်းရဲမှ လွတ်မြောက်ခြင်းအမှန်တရားနှင့် ဆင်းရဲခြင်းမှလွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်သည့် အကျင့် လမ်းစဉ် အမှန်တရားဟူသည့် သစ္စာလေးပါးအမှန်တရားကို ထုတ်ဖော်ဟောကြားတော်မူခဲ့သည်။ ထိုကျင့်စဉ် များအတိုင်း လိုက်နာကျင့်သုံးကြသဖြင့် ဆင်းရဲအပေါင်းမှလွတ်မြောက်သွားကြသည့် ပုဂ္ဂိုလ်မြတ်များနှင့် လွတ်မြောက်ရန် ကြိုးစားနေကြသည့် ပုဂ္ဂိုလ်များအတွက် ဓမ္မစကြာတရားတော်သည် ကျေးဇူးများလှပါသည်။

ဝါဆိုလသည် ဘာသာရေး၊ လူမှုရေးတို့၌သာ ထူးခြားသည်မဟုတ်။ သဘာဝတောတောင်ရေမြေအလှ၊ လူ့လောကအလှတို့ကြောင့် တစ်မူထူးခြားနေပြန်ပါသည်။ ဝါဆိုလသည် မြန်မာ့ပြက္ခဒိန်အရ စတုတ္ထမြောက် လအခါဖြစ်သလို နွေရာသီကုန်ဆုံး၍ မိုးရာသီဝင်စကာလလည်းဖြစ်သည်။ ဝါဆိုလ၏ လပြည့်ဝန်းနှင့်အတူ ပေါ်ထွက်လာသော နက္ခတ်မှာ ပြုဗ္ဗာသဠ်ကြယ်ဖြစ်သည်။ ရာသီပန်းကား ပုန်းညက်ပန်းဖြစ်သည်။ ထိုလတွင် ''ဝါဆိုဝါခေါင်ရေဖောင်ဖောင်''ဟူသည့်အတိုင်း မြစ်ချောင်းအင်းအိုင်ရေကန်များနှင့် လယ်ကွင်းများသည် မိုးရေများဖြင့် ဖွေးနေတတ်သည်။

လယ်သမားဦးကြီးများသည် ဝါဆိုလတွင် ပျိုးကြဲ၊ ပျိုးနုတ်၊ ကောက်စိုက်ခြင်းတို့ကို စတင်ပြုလုပ်ကြသည်။ ပျိုးပင်ကောက်ပင်များ ရှင်သန်ကြီးထွားရန်အတွက် မြေဩဇာကျွေးကြရသည်။ တမန်းနှိုး၍ ပေါင်းရှင်းရသည်။ ရေဝင်ရေထွက်မှန်အောင် သတိပြုရသည်။ ရေကြီးခြင်း၊ ရေမြုပ်ခြင်းမခံရအောင် ကန်သင်း၊ တာတမံများကို လုံအောင်ပိတ်ရသည်။ လယ်သမားဦးကြီးများသည် ဝါဆိုလတွင် မနားရဘဲ ရှစ်စပ်ကလည်အောင် အလုပ်လုပ် ရသည်။ ထို့ကြောင့် မြန်မာ့စီးပွားရေးအသက်သွေးကြောဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းတွင် ဝါဆိုလသည် အရေးပါသောလဟု ဆိုသည်။

မြန်မာ့စာဆိုကြီးများသည် ဝါဆိုလ၏ သဘာဝ၊ အလှ၊ အရေးပါမှုတို့နှင့်စပ်လျဉ်းပြီး ရှုထောင့်အဖုံဖုံမှ ကဗျာ၊ လင်္ကာများဖြင့် စာပန်းချီခြယ်ခဲ့ကြသည်။ ဆယ့်နှစ်လရာသီဖွဲ့လူးတားစာဆိုကြီးဦးယာသည် သူ၏ ဝါဆိုလဖွဲ့လူးတားတွင် ဝါဆိုလသို့ရောက်လာလျှင် ပုန်းညက်ပန်းတို့ ပွင့်ဖူးလာကြပြီး မိုးကောင်းကင်ပြင်တွင် လဝန်းကြီးသည် ပြုဗ္ဗာသဠ်ကြယ်နှင့် စန်းယှဉ်ကာ ဗျိုင်းတာရာနှင့်အတူ ပေါ်ထွက်လာမြဲဖြစ်ကြောင်း၊ ထိုအချိန်တွင်ပင် နိုင်ငံအတွင်း၌ ပဉ္စင်းတော်ခံပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ရှိကြောင်း ဤသို့ရေးဖွဲ့ခဲ့ပါသည်။

''ပျံ့မွှေးဝတ်ဆံ၊ ရိုးတံမြရွက်၊ ပုန်းညက်ရွှေလှော်၊ မွှေးပေါင်းဖော်၍၊ တောင်တော်မြင့်ဖျား၊ မြင်းမိုရ်ခါးက၊ ပတ္တမြားဗိမာန်၊ ပြုဗ္ဗာသဠ်နှင့် ယုဂန္ဓိုရ်ခါး၊ လှည့်လည်သွားသော်၊ နောက်ကားမခွာ၊ ဗျိုင်းတာရာနှင့် ညီလာ စုံကြ၊ ထွန်းတောက်ပလျက်၊ ဖုသျှနက္ခတ်၊ ဖလ်နေနတ်နှင့်၊ လှည့်ပတ်ညီလာ၊ သွားသောခါလျှင်၊ မမြင်ဖဝါး၊ အသုဉ်းငြား၍၊ ပန်းများလှိုင်ကြူ၊ ပဉ္စူရွှေရွက်၊ ပုန်းညက်ကြိုင်သင်း၊ ပဉ္စင်းတော်ပွဲ၊ သဲသဲအုတ်အော်''
ထို့အတူ  စာဆိုတော် လူဦးမင်းကလည်း ဝါဆိုလ၏အလှ၊ သဘာဝသရုပ်ကို ရှုထောင့်တစ်မျိုးမှ ဖော်ထုတ် လှစ်ပြထားခဲ့သည်။

''ပျော်မောင်နှံငယ်၊ ခေါ်သံချမ်းမြေ့၊ မြုံနန်းမွေ့လို့၊ ဓလေ့စီကျာ၊ ငှက်ညီလာလည်း၊ သီတာရင်ဘောင်၊ သရေဆောင်သည်၊ ငွေသောင်ရစ်မော၊ မြစ်သဘောဖြင့်၊ ကျလျှောပြန်တုံ၊ ပြည့်ကမ်းခုံက၊ ဆန်စုန်ဆင်တယ်၊ ဘဝင်မတဲ့ဆွတ်ပေမို့''
ဝါဆိုလသည် သဘာဝရာသီဘက်ကကြည့်လျှင် လှပတင့်တယ်နေသလောက် လူ့လောကမြန်မာ့ဘဝ၊ မြန်မာ့ယုံကြည်မှုဘက်ကကြည့်လျှင် ခိုင်မာလေးနက်လှပါသည်။

အဘယ့်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓသည် လွန်လေပြီးသော နှစ်ပေါင်း ၂၅၅၀ ကျော်၊ မဟာသက္ကရာဇ် ၁၀၃ ခု၊ ဝါဆိုလပြည့်နေ့၊ နေလည်းဝင်၊ လလည်း ထွက်ချိန်သာယာကြည်နူးဖွယ်ကောင်းလှသော မိဂဒါဝုန်တော၌ ဓမ္မစကြာတရားစည်ကြီးကို ရိုက်ဟည်း ကြော်ငြာ ဟောကြားတော်မူခဲ့သောကြောင့် ဖြစ်ပါသည်။
အချုပ်ဆိုရသော် ဝါဆိုလသည် ဆွတ်ပျံ့ဖွယ်သဘာဝ ဝန်းကျင်အလှနှင့် လူ့လောကအလှများကို လှစ်ဟ ဖော်ကျူးနေသည့်ပြင် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓအလောင်းအလျာသန္ဓေတည်သောနေ့၊ တောထွက်သောနေ့၊ ဓမ္မစကြာတရားတော်ကို ဟောတော်မူသောနေ့ဖြစ်သောကြောင့် လှပတင့်တယ်သော လူ့လောကအကျိုးကို  ဆောင်သော၊ မျက်မှောက်ဘဝတွင်သာမက နောင်သံသရာအကျိုးကိုပါ သယ်ပိုးညွှန်ပြနေသော၊ မြင့်မြတ် သာလွန်သောလအဖြစ် မှတ်တမ်းတင်ထိုက်လှပါသည်။

မောင်လွမ်းရည် (ရွှေတောင်)






အခြားဆက်စပ်သတင်းများ