နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယားပြည်နယ် ကျောင်းများ၌ကပ်ရောဂါကာကွယ်ရေး ပြင်ဆင်ထားသော်လည်း လိုအပ်ချက်များရှိနေ

ကယား  ဇူလိုင်    ၁၂

ကျောင်းများပြန်ဖွင့်သည့်အချိန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးနိုင်ရေးအတွက် အစိုးရနှင့် ကျောင်း အုပ်ချုပ်ရေးတာဝန်ရှိသူများက ကြိုးစားနေကြောင်းသိရသည်။
ကယားပြည်နယ်ကျောင်းများတွင် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားသော်လည်း လိုအပ်ချက် များရှိနေကြောင်း သိရသည်။

မကြာမီကာလအတွင်းကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ထိန်းချုပ်ကာကွယ်ဖို့ ကယားပြည်နယ်မှကျောင်းသားတစ်ဦးလျှင် အစိုးရက နှာခေါင်းစည်းနှစ်ခုစီထောက်ပံ့ ပေးထားကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့မှုကလုံလောက်မှုမရှိဘဲ သီးသန့်ဘတ်ဂျက်လည်းမရှိခြင်းကြောင့် ကျောင်းသားများ အတွက် စိုးရိမ်နေရကြောင်းဆရာ၊ ဆရာမများကပြောသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးဒေါ်ဆွေဆွေအေးက  ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သော နှာခေါင်းစည်းများဖြစ်သော်လည်း မိုးတွင်းကာလဖြစ်ခြင်းကြောင့်  ရေစိုပြီး ပြန်မခြောက်ခြင်းများဖြစ်နိုင်ကြောင်း ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ဖို့အတွက် သီးသန့်ဘတ်ဂျက် ချထားပေးခြင်းမရှိဘဲ လိုအပ်သောနှာခေါင်းစည်းနှင့် ဆပ်ပြာစသည်တို့ကို နှစ်စဉ်နိုင်ငံတော်ကပေးသည့်ဖွံ့ဖြိုးမှုရန်ပုံငွေ အသုံးစရိတ်က အသုံးပြုသွားမည်ဖြစ်ကြောင်း ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ကြီးဒေါ်ဆွေဆွေအေးက ပြောသည်။
ပါးစပ်နှင့် နှာခေါင်းစည်း(mask) ကို ညွှန်ကြားချက်အတိုင်းစနစ်တကျတပ်ဆင်ဖို့အပြင် လိုအပ်လျှင် မျက်နှာအကာ (Face Shield) တပ်ဖို့ကိုလည်းပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ကယား ပြည်နယ် ပြည်နယ်ပညာရေးမှူး ဦလူစီယားနိုက ပြောသည်။

ကယားပြည်နယ် ပြည်နယ်ပညာရေးမှူး ဦလူစီယားနိုက “ဌာနကလည်းပံ့ပိုးဖို့ အစီအစဉ်ရှိပါတယ်။  ကလေးတစ်ဦးကို Mask နှစ်ခုနှုန်းနဲ့ Face Shield တွေ မျက်နှာကာဖို့အတွက် တစ်ခုနှုန်းနဲ့ အခမဲ့ဖြန့်ဝေ ပေးဖို့ရှိတယ်။ ပြီးတော့မှ တခြားလိုအပ်တဲ့ Hand Gel၊ ရေရှားတဲ့နေရာပေါ့။ ရေရှားတဲ့နေရာဆို Hand Gel သုံးမယ်။ ဒီရေရှိရနိုင်တဲ့နေရာတွေကတော့ ဥပမာဆပ်ပြာတွေ လက်ဆေးဖို့ဘေစင်တွေ အဲဒါတွေအကုန်လုံး စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ မရှိမီအချိန်အခြေခံပညာကျောင်းများတွင် အထွေထွေအသုံးစရိတ် ခေါင်းစဉ် ၁၃ မျိုးအတွက် ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် နိုင်ငံတော်က နှစ်စဉ်ကျောင်းသားလူဦးရေအလိုက် ဘတ်ဂျက်ချပေး ထားခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားတစ်ဦးကိုကျပ် ငါးထောင်နှုန်းဖြင့် ကျောင်းအတွက် ထပ်ဆောင်း ငါးသိန်းကို နှစ်စဉ် နိုင်ငံတော်က ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်မှစတင်ပြီး အခြေခံပညာအထက်တန်းဖြစ်သော ကိုးတန်းနှင့်  ဆယ်တန်းကျောင်းများကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း တရားဝင်ကြေညာထားသည်။

မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ