နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသမှ မြက်ပုစွန်ဈေးကွက်များ သွက်လက်လှုပ်ရှားနေ လက်လုပ်လက်စားအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေနေ

ဘိုကလေး  ဇူလိုင်    ၉


မိုးရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသမှ မြက်ပုစွန်ဈေးကွက်များ သွက်လက်လှုပ်ရှားနေပြီဖြစ်သဖြင့် လက်လုပ်လက်စားအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေနေကြောင်း ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအုပ်စု၊ တောင်သာကျေးရွာမှ မြက်ပုစွန်များရှာဖွေ ဖမ်းဆီးရောင်းချနေသူ ကိုကျော်ဝင်းနှင့်ဒေသခံရေလုပ်သားများထံမှ သိရသည်။

မိုးရာသီသို့ ရောက်ရှိလာသည်နှင့် မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသများတွင် မြက်ပုစွန်များ ကို ပေါများစွာဖမ်းဆီးရမိလေ့ရှိနေသဖြင့် ယခုအခါ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ပင်လယ်ကမ်းခြေ ဒေသ၊ လိပ်သောင်ရေကျော်၊ ပိုက်စီးတန်း၊ ကျွဲဖြူ၊ သောင်သာ၊ ပဒဲကောစသည့်ကျေးရွာများနှင့် ပတ်ဝန်း ကျင်ဒေသများတွင် ပေါများစွာဖမ်းဆီးရရှိနေပြီဖြစ်သည်။


ထို့ကြောင့် ယခုအခါ ဒေသတွင်းရှိ မြက်ပုစွန်ဈေးကွက်များလည်း ဈေးကွက်သွက်လက်လှုပ်ရှားလျက်ရှိ နေသည်။ အဆိုပါ မြက်ပုစွန်များကို ဈေးကွက်တွင် ဘော့ချိတ်ဟုခေါ်သကဲ့သို့ သေခဲဟုလည်း ခေါ်သည်။ အသက်ပြင်းသည့် ပုစွန်မျိုးစိတ်များဖြစ်သဖြင့် သေခဲဟုခေါ်ခြင်းဖြစ်သည်။ ပြည်တွင်း၊ ပြည်ပဈေးကွက်ရှိ နေသော ပုစွန်များဖြစ်သည်။ မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသများတွင် မိုးရာသီရောက်လာသည်နှင့် မြစ်ချောင်းဒေသများတွင်သာမကဘဲ လယ်ကွက်များ၊ ဗွက်အိုင်များတွင် တင်ကျန်နေရစ်သည့် ပုစွန်ဥများမှာ  အကောင်ပေါက်လာကြသဖြင့် အဆိုပါမြက်ပုစွန်များကို ပင်လယ်ရေလုပ်ငန်းများသာမက လက်လုပ်လက်စား အလုပ်သမားများကလည်း မြစ်ထဲ၊ ချောင်းထဲ၊ ဗွက်အိုင်များတွင် ဖမ်းယူရမိနေသဖြင့် ဒေသအတွင်းအလုပ် အကိုင်အခွင့်အလမ်းများ အဆင်ပြေနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမြက်ပုစွန်သည် ပုစွန်ချဉ်ပြုလုပ်ရာတွင် အလွန်ကောင်းမွန်သည့် ပုစွန်အမျိုးအစားဖြစ်သည်။ အခွံပါးပြီး အသားထူသည်။ အရောင်လှပြီး အချိုဓာတ်များသဖြင့်ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ရာ တွင်ဖြစ်စေ၊ ပုစွန်ခြောက်ပြုလုပ်ရာတွင်ဖြစ်စေ လူကြိုက်များသော ပုစွန်များဖြစ်သည်။ ထို့ကြောင့် စားသုံးသူ ဈေးကွက်များ၊ ပုစွန်ချဉ်ပြုလုပ်သူများ၊ ပုစွန်ခြောက်ပြုလုပ်သူများနှင့် ပြည်ပပို့ကုန်ပုစွန်အဝယ်ဒိုင်များမှ ဝယ်ယူနေသဖြင့် ဈေးကွက်သွက်လက်လှုပ်ရှားနေခြင်းဖြစ်သည်။ 


ယခုအခါ ကမ်းခြေကမ်းကပ် ရေလုပ်ငန်းများမှ မြစ်ချောင်းဒေသများတွင် ဖမ်းဆီးရမိနေသကဲ့သို့ လက်လုပ် လက်စားအလုပ်သမားများမှလည်း မြစ်ကမ်းချောင်းစပ်ဒေသများလယ်ကွင်းနှင့် ဗွက်အိုင်ဒေသများတွင်  ဂေါ်ထိုးခြင်း၊ ကွန်ပစ်ခြင်း၊ အိုင်ပက်ခြင်းဖြင့် မြက်ပုစွန်များကို ဖမ်းဆီးရမိနေကြသည်ဟုဆိုသည်။ ယခု ဇူလိုင်လ ဒုတိယပတ်တွင် ဒေသတွင်းမြက်ပုစွန်ဈေးကွက်များတွင် မြက်ပုစွန်အရွယ်အစားအလိုက်  တစ်ပိသာလျှင် ငွေကျပ် ၃၅၀ဝ ကျပ်မှ ၆၀ဝ၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး မြို့ဈေးကွက်များတွင်  တစ်ပိသာလျှင် ငွေကျပ် ၈၀ဝ၀ ကျပ်မှ ၉၀ဝ၀ ကျပ်အထိ ဈေးနှုန်းရရှိနေသည်ဟု ဆိုသည်။ 

လက်ရှိတွင် လက်လုပ်လက်စားအလုပ်သမားတစ်ဦးလျင်ပင် တစ်နေ့လျင် မြက်ပုစွန်နှစ်ပိဿာကျော် အထိ ဖမ်းယူရမိနေသဖြင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေနေကြောင်းသိရသည်။ 

ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ