နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်းတပင်မြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် ကျေးလက်နေပြည်သူများကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ မတည်ပေးသွားမည်

ရန်ကုန်   ဇူလိုင်   ၅

ကိုဗစ်-၁၉ရောဂါကာလအတွင်း ကျေးလက်နေပြည်သူများ တစ်ပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားစေခြင်းဖြင့် မိသားစုဝင်ငွေများတိုးပွားလာစေရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာတို့တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် ကျေးလက်နေ ပြည်သူများအား အရင်းမပျောက်လည်ပတ် ရန်ပုံငွေများကိုမတည်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

"ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)နဲ့ ဘောလည်ကျေးရွာအုပ်စု၊ ပန်သပွတ်ကျေးရွာမှာဆို ငွေကျပ် သိန်း(၃ဝဝ)၊ မဲပလီကျေးရွာအုပ်စု၊ ကျော်ဇောကုန်းကျေးရွာမှာငွေကျပ်သိန်း(၃ဝဝ)၊ ကမြိုင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာဆို ငွေကျပ်သိန်း (၃ဝဝ)၊ ဓာတ်တော်ကုန်းကျေးရွာအုပ်စု၊ အောက်ဓာတ်တော်ကုန်း ကျေးရွာမှာ ငွေကျပ်သိန်း(၃ဝဝ)၊ အလိန်လည်ကျေးရွာအုပ်စု၊ မင်္ဂလာကုန်းကျေးရွာမှာ ငွေကျပ်သိန်း (၂ဝဝ)နဲ့ ကျွဲကူးကျေးရွာအုပ်စု၊ ညောင်ပင်အင်းကျေးရွာမှာဆိုရင် ငွေကျပ် သိန်း(၁ဝဝ)စုစုပေါင်းငွေကျပ်သိန်းပေါင်း(၁၅ဝဝ)နဲ့ ကျေးလက်နေပြည်သူတွေကိုအရင်းမပျောက်လည်ပတ်ရန်ပုံငွေမတည်ပြီးတော့ စီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ"ဟု မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးအေးနိုင်က ရှင်းပြသည်။

စီမံကိန်းဆောင်ရွက်မည့်ကျေးရွာများတွင် အိမ်ခြေ(၅၀) အောက်ရှိပါက ငွေကျပ်သိန်း(၁ဝဝ)နှုန်း၊ အိမ်ခြေ(၅၀)မှ (၁၀၀)ကြားရှိပါကငွေကျပ်သိန်း(၂၀၀)နှုန်းနှင့် အိမ်ခြေ(၁ဝဝ)အထက်ရှိပါကငွေကျပ်သိန်း(၃ဝဝ)နှုန်းတို့ကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေများမတည်ပေးခြင်းဖြစ်ပြီး လုပ်ကွက် ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများနှင့် အသေးစားစီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများကို အဓိကထားကာမတည်ရန်ပုံငွေ ကို မတည်ပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စီမံကိန်းစတင်ဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင် ၄ ရက်၊ မွန်းလွဲပိုင်းက ကမြိုင်ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူးဒေါ်စန္ဒာစိုး၊   မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးအေးနိုင်နှင့် ဝန်ထမ်းများကကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံခဲ့ကြကာ စီမံကိန်းမိတ်ဆက်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး ညောင်လေးပင်ကျေးရွာတွင် စီမံကိန်းကို ဆောင်ရွက် သွားရန် အတွက်လည်း ကျေးရွာကော်မတီဖွဲ့စည်းခြင်းကိုပါ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
                                                                                                   ဇင်မင်းထိုက်(ထန်းတပင်)






အခြားဆက်စပ်သတင်းများ