နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Huawei ၏ AI အထောက်အကူပြုနည်းပညာဝန်ဆောင်မှုများက မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် အကူအညီပေးလျက်ရှိ

ရန်ကုန် ဇူလိုင် ၂


COVID-19 တိုက်ဖျက်ရေးအကောင်အထည်ဖော်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် Huawei က မြန်မာငွေကျပ် ၇၂,၇၄၈,၅၆၂ ကျပ် တန်ဖိုးရှိ artificial intelligence (AI) ဆိုင်ရာ နည်းပညာ ဝန်ဆောင်မှုများ၊ ဗီဒီယို ဆွေးနွေးပွဲစနစ်နှင့် စမတ်ဖုန်းများကို မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးလျက်ရှိသည်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြေပြင်ဆက်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပြီး ချိတ်ဆက်မှုများကို သေချာစေရန်နှင့် ဆန်းသစ်သည့် နည်းပညာများ၊ အရေးတကြီး လိုအပ်သည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်တို့အတွက် Huawei က ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။


Huawei ၏ ဆက်သွယ်ရေး ဆေးပညာ (telemedicine) လုပ်ထုံးများကို ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ခေါ်ဆိုမှု၊ အဝေးရောက် ပူးပေါင်းလုပ်ကိုင်မှု၊ အဝေးထိန်း ရောဂါဆန်းစစ်မှု၊ အဝေးထိန်း အကာအကွယ်ပေးမှု စသည့် အဓိကအချက် လေးချက်တွင် အခြေခံကာ လက်တွေ့လုပ်ကိုင်ဆန်းသစ်ထားခြင်းဖြစ်သည်။ ယင်းအဓိက အချက်များအားလုံးကို မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများတွင် လက်တွေ့သုံးစွဲနေကြပြီ ဖြစ်သည်။ 


မြန်မာနိုင်ငံတွင် Huawei ၏ ဆက်သွယ်ရေးဆေးပညာဆိုင်ရာ online conference စနစ်ကို COVID-19 ရောဂါပိုးရှိသူ လူနာ ဦးရေ ၂,၀၀၀ အထိ လက်ခံကုသပေးနိုင်ရန်ပြင်ဆင်ထားသော ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)နှင့် ရန်ကုန်ဆေးတက္ကသိုလ်(၁)တို့တွင်တပ်ဆင်ထားပြီး  အစိုးရနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဆေးဝါးကျွမ်းကျင် ပညာရှင်များကို ကပ်ရောဂါကာကွယ်ခြင်း၊ နိုင်ငံအနှံ့ရှိ ဌာနများ၊ လူများ တစ်ပြိုင်နက်ပူးပေါင်းချိတ်ဆက်ကာ အွန်လိုင်းတွင် ဆွေးနွေးခြင်းနှင့် နိုင်ငံတစ်ဝန်းမှ ဆေးရုံ၊ ဆေးတက္ကသိုလ် များ အပြန်အလှန်ချိတ်ဆက်ကာ ဆေးပညာရှင်များ အချင်းချင်း ဆွေးနွေး၊ သင်ကြားခြင်းများ ပြုလုပ်စေနိုင်ရန် အကူအညီပေးခဲ့သည်။ ယင်းစနစ်၏လုပ်ဆောင်မှုမှာ ရောဂါရှာဖွေမှု၏ စွမ်းဆောင်ရည်ကိုသာ တိုးတက် စေသည် မဟုတ်ဘဲ  ဆေးဘက် အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ရောဂါ ကူးစက်နိုင်ခြေကိုပါ လျော့နည်းစေမည် ဖြစ်သည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကူးစက်မြန်ရောဂါကို တိုက်ဖျက်ရာတွင် ပိုမိုထိရောက်စေရန် အကူအညီပေးနိုင်ရုံမက ဆရာဝန်များအနေဖြင့် လူနာများ၏ CT ကို  ဖတ်ရှုကာ ရောဂါ ရှာဖွေချိန်ကို သိသာစွာလျှော့ချပေးနိုင်မည့် အမြန်နှုန်းမြင့်မား၍ ဒေတာအကူးအပြောင်းကြာချိန် (latency) အလွန်နည်းပါးသော Huawei ၏ AIနည်းပညာသုံး ရောဂါရှာဖွေမှုနှင့် ကုသမှုစနစ်တို့ကိုလည်း တပ်ဆင် ပေးခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ လှူဒါန်းပွဲတွင်  “အခုလို လှူဒါန်းပေးတဲ့ အလှူရှင်တွေကို ကျွန်တော့်အနေနဲ့အထူးပဲကျေးဇူးတင်ပါတယ်။ ပြည်သူတွေရဲ့ လှူဒါန်းမှု ပူးပေါင်းပါဝင်မှု၊ ဝိုင်းဝန်းထည့်ဝင်မှု တွေဟာ COVID 19 ရောဂါတိုက်ဖျက်ရေးကို ဆောင်ရွက်နေရတဲ့သူတွေအတွက် စိတ်ဓာတ်ခွန်အားကို ပိုပြီး ဖြစ်စေပါတယ်။ ကမ္ဘာ့အလယ်မှာလည်း တကယ့်ကို မျက်နှာပန်းလှတဲ့နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ 


ကျွန်တော်တို့ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ ယခုလို ပါဝင်ပေးမှုတွေကို အမြဲမှတ်တမ်းတင်ထားမှာပါ။ ဒီအခြေအနေ ကို ဆက်လက်ထိန်းသိမ်းပြီး နောင်ကြုံလာခဲ့မယ့်အခြေအနေတွေ ရှိခဲ့မယ်ဆိုလည်း အင်တိုက်အားတိုက်နဲ့ ကျွန်တော်တို့ အခုလိုပဲ ညီညီညွတ်ညွတ်နဲ့ ဆက်လက် ဖြေရှင်းဆောင်ရွက်နိုင်ပါစေလို့ဆန္ဒပြုပါတယ်။” ဟု ပြောကြားခဲ့ကာ ဂုဏ်ပြုလွှာများပေးအပ်ခဲ့သည်။ 


HUAWEI CLOUD ပလက်ဖောင်းပေါ်တွင် အခြေခံထားသည့် Huawei ၏ AI နည်းပညာသုံး ရောဂါဆန်းစစ်မှု solution များက COVID-19 သံသယလူနာများကို မြန်ဆန်စွာ ဆန်းစစ်အတည်ပြုပေးသောကြောင့် ရောဂါဆန်းစစ်မှုကြာချိန်ကို သိသာစွာ လျှော့ချပေးသည်။ ရောဂါ၏ ကနဦး အခြေအနေ၊ အားကောင်းသည့် အခြေအနေ၊ ပြင်းထန်သည့် အခြေအနေများကို သိသာစွာခွဲခြားပေးနိုင်သဖြင့် ကုသရေးအတွက် အချိန်ကို ချွေတာနိုင်သကဲ့သို့ အလုပ်များပိခြင်းကိုလည်း လျှော့ချပေးနိုင်သည်။ 


ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် HUAWEI CLOUD က ထုတ်လုပ်ထားသော EIHealth  စနစ်ကို အသုံးပြုကာ မျိုးရိုးဗီဇပစ္စည်း (genome) ပျံ့နှံ့မှုကို  စောင့်ကြည့်ခြင်း၊  ပျံ့နှံ့မှု တားဆီးသည့် ဆေးဝါးကို silo screening စနစ်တွင် အသုံးပြုခြင်းနှင့် AI နည်းပညာသုံး CT ဖြင့် လူနာဆန်းစစ်ခြင်း ဝန်ဆောင်မှုများ ပံ့ပိုးလျက် ရှိသည်။


စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကဏ္ဍတွင် HUAWEI CLOUD က လုပ်ငန်းများကို cloud သို့ ရွှေ့ပြောင်းစေပြီး ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လုပ်ငန်းအလုပ်အကိုင်များ ဆက်လက်လည်ပတ်စေနိုင်ရန် အကူအညီ ပေးသည်။ ပညာရေးကဏ္ဍတွင် ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများအတွက် အွန်လိုင်းပညာရေး ဝန်ဆောင်မှုများ ပံ့ပိုးပေးရန် HUAWEI CLOUD က မိတ်ဖက်များနှင့် အတူ လုပ်ကိုင်လျက်ရှိသည်။ မကြာသေးမီ က Huawei သည် UNESCO IITE၊ UNESCO ICHEI တို့နှင့် ပူးပေါင်း၍ အဆင့်မြင့်ပညာရေးဆိုင်ရာ အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ပြီး ယင်း၏ Learn ON အစီအစဉ်ကို မိတ်ဆက်လိုက်သည်။ ယင်းအစီအစဉ်က COVID-19 အကျပ်အတည်းကာလအတွင်း မတူညီသည့် နေရာဒေသများမှ အုပ်စုများစွာ အတွက် ကောင်းမွန်သည့် ပညာရေးများ ရရှိစေရန်အတွက် ဆန်းသစ်သည့် ICT နည်းပညာများကို အသုံးပြုသွားမည် ဖြစ်သည်။ ကိုယ်တိုင်သင်ယူနိုင်သည့် အွန်လိုင်းသင်တန်းများမှ တစ်ဆင့် ကျောင်းသူ၊ ကျောင်းသားဦးရေ ၅၀,၀၀၀ ကျော်ကို သင်ကြားလေ့ကျင့်ပေးနိုင်ရန် မျှော်မှန်းထားပြီး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေ့ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ဒီဇင်ဘာလကြားတွင် ဆရာ၊ ဆရာမများအား သင်ကြားလေ့ကျင့်ခြင်း (train the trainer) အွန်လိုင်းအတန်းပေါင်း ၁၀၀ ကျော်တို့မှ တစ်ဆင့် ဆရာ၊ ဆရာမဦးရေ ၁,၅၀၀ ကျော်တို့ကို သင်ကြား လေ့ကျင့် ပေးသွားမည် ဖြစ်သည်။


Huawei သည် ကော်ပိုရိတ်ဆိုင်ရာ လူမှုတာဝန် (CSR) ကို တက်ကြွစွာ ထမ်းဆောင်နေသည့် ကုမ္ပဏီအဖြစ် ရပ်တည် လျက်ရှိပြီး ကျောင်းနှင့် အစိုးရအဖွဲ့အစည်းများသို့ တယ်လီကွန်းကိရိယာများ လှူဒါန်းခြင်း၊ သဘာဝဘေးဒဏ် လျော့ပါး သက်သာစေရန် ကူညီခြင်းနှင့် အနာဂတ် ICT ပညာရှင်များ လေ့ကျင့်ပျိုးထောင် ပေးခြင်းစသည့် လုပ်ဆောင်ချက်များစွာ တို့ဖြင့် ဒေသခံလူ့အဖွဲ့အစည်းကို ထိရောက်စွာ အကျိုးပြုလျက် ရှိသည်။ “Care Myanmar” လူမှုလှူဒါန်းရေး အစီအစဉ် မှ တစ်ဆင့်လည်း Huawei က ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုကူညီမှုများကို ထိရောက်စွာ ဆောင်ရွက်နေခဲ့သည်မှာ ကာလတစ်ခု ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သည့် လေးနှစ်တာ ကာလအတွင်း ယင်း CSR အစီအစဉ်မှတစ်ဆင့် Huawei က USD ၁ သန်းကျော် တန်ကြေးရှိသည့် ပစ္စည်းများ၊ ကိရိယာများကို လှူဒါန်းခဲ့ပြီး လူဦးရေ ထောင်နှင့်ချီသည့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေခဲ့ပြီးဖြစ်သည်။


(WP)






အခြားဆက်စပ်သတင်းများ