နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်တွင် Grade-10 သင်ရိုးသစ် Face to Face သင်တန်းဖွင့်လှစ်

 ရန်ကုန်    ဇူလိုင်    ၁


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ဆရာ/ ဆရာမများအနေဖြင့် ကျောင်းသား/သူများအား ပြန်လည် သင်ကြားရာတွင် ထင်မြင်ယူဆချက်များကို အပြန်အလှန်ဆွေးနွေးဖလှယ်တတ်သည့် စွမ်းရည်များတိုးတက် လာအောင် ပြုစုပျိုးထောင်ပေးနိုင်ရန် ၊ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် နားထောင်မှုစွမ်းရည်များ ဖွံ့ဖြိုးလာ၍ အခြားသူများ၏ မတူညီသောအတွေးအခေါ်များကိုလက်ခံလာပြီး အတွေးအခေါ်သစ်များ စဉ်းစားတွေးခေါ် တတ်စေရန်၊ မှန်ကန်သောဆုံးဖြတ်ချက်များချမှတ်နိုင်ပြီး ဆုံးဖြတ်ထားသည့်အတိုင်း လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဇူလိုင် ၁ ရက် နံနက်ပိုင်းအချိန်က အခြေခံပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် Grade 10 သင်ရိုးသစ် Face to Face သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ Social Distancing စနစ်ဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။


အဆိုပါမြို့နယ်အဆင့် Grade 10 သင်ရိုးသစ် Face to Face သင်တန်းဖွင့်လှစ်မှုအပေါ် သင်တန်းသူတစ်ဦး ကလည်း " ဒီသင်တန်းတက်ရောက်တဲ့အခါမှာ ကျွန်မတို့အနေနဲ့ အတွေ့အကြုံတွေ၊  ဗဟုသုတတွေများစွာရရှိ ပါတယ်။ ဒီအထက်တန်းအဆင့် ပညာရေးသင်ရိုးညွှန်းတန်းကို ကျောင်းသား/သူများအား ပြန်လည်သင်ကြားရာ တွင် အသက်အရွယ်နှင့်သင့်လျော်တဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဗလဟန်ချက်ညီညီနဲ့ ဖွံ့ဖြိုး တိုးတက်ဖို့၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားနှင့်ယဉ်ကျေးမှုဓလေ့တွေကို တန်ဖိုးထားတတ်ဖို့၊ လိုအပ်တဲ့ အသိပညာ၊ ကျွမ်းကျင်မှုတွေနဲ့ စိတ်နေသဘောထားတွေ ဖွံ့ဖြိုးတိုးတက်စေဖို့၊ နိုင်ငံသားကောင်း တစ်ယောက်မှာရှိရမယ့် စရိုက်လက္ခဏာတွေ၊ ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေ၊ ပြည်သူ့နီတိကျင့်စဉ်တွေ ဖြစ်ထွန်းစေဖို့၊ ကျန်းမာရေးနှင့်ပတ်သက်တဲ့အသိပညာဗဟုသုတတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့တွေကို အဓိကထားသင်ကြားပေးနိုင်စေရန် လေ့ကျင့်ပို့ချပေးတာဖြစ်ပါတယ်။

ဒီသင်တန်းပြီးဆုံးလို့ မိမိတို့ကျောင်း တွေကို ပြန်ရောက်တဲ့အခါကျရင်လည်း ကလေးတွေကို ကျောင်းသားဗဟိုပြုတဲ့ သင်ကြားရေးစနစ်တွေနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ် " ဟု ပြောကြား ခဲ့သည်။ အဆိုပါသင်တန်းတွင်  "  Grade 10 Online Virtual Classroom Training  "  မှ နည်းပြဆရာ / ဆရာမ များက ဇူလိုင်လ(၁)ရက်နေ့မှ (၇)ရက်နေ့အထိမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဆရာ/ဆရာမ(၁၂၈)ဦးအား ၎င်းတို့သက်ဆိုင်ရာ ဘာသာရပ်များအလိုက် နံနက်(၈)နာရီမှ ညနေ (၄)နာရီခွဲအထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် ဇူလိုင်လ(၈)ရက်နေ့တွင်လည်း တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ နှင်းလဲ့ရည်နှင့် တာဝန်ရှိသူများက COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်း များ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များကို အဆိုပါသင်တန်းရှိ နည်းပြများနှင့် သင်တန်းသား/သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေးပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။       


နိုင်လင်းအောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ