နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းခရီးသွားလာမှုကိုအထောက်အကူဖြစ်စေမည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှု ဆက်လက်အကောင်အထည်ဖော်

ရန်ကုန်    ဇူလိုင်    ၁


ဂျပန်နိုင်ငံမှ မီးရထားသံလမ်းများရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းသို့သင်္ဘောဖြင့် ဇွန်လ ၃၀ ရက်နေ့က ၁၅ ကြိမ်မြောက်ရောက်ရှိလာရာ ပြည်တွင်းခရီးသွားလာမှုကို အထောက်အကူဖြစ်စေမည့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ပထမဆုံးအကြိမ်အဖြစ် သင်္ဘောဖြင့် မီးရထားသံလမ်းများ ရောက်ရှိခဲ့ပြီး စုစုပေါင်းခေါက်ရေ ၂၂ ခေါက်ပို့ဆောင်ရာ၌ တစ်ခေါက်လျှင် ပျမ်းမျှအားဖြင့် သံလမ်းတန်ချိန် ၂၉၀၀ မှ ၃၀၀၀ ကျော်အထိတင်ပို့လျက်ရှိ၍ ဇွန် ၃၀ ရက်နံက်ပိုင်းတွင် သံလမ်းတန်ချိန် ၂၉၀၀ ကျော်ကို ဆူးလေဆိပ်ကမ်းမှ မီးရထားဖြင့်သတ်မှတ်နေရာများသို့ ပို့ဆောင်လျက်ရှိသည်။


ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်-တောင်ငူရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုလုပ်ငန်းအနည်းငယ် ထိခိုက်သော်လည်း ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင်မြှင့်တင့်မှုကို ၂၀၂၃ ခုနှစ်တွင်ပြီးစီးရန် လျာထား သောကြောင့် ရန်ကုန်-တောင်ငူလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေစဉ် အတွင်း တောင်ငူ- မန္တလေးလမ်းပိုင်းအဆင့်မြှင်တင်မှုနှင့်ချိတ်ဆက်မိစေရန် လုပ်ဆောင်လျက်ရှိကြောင်းသိရ သည်။

“ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ CP-101 ပဲခူးကနေ CP-103 တောင်ငူ ထိအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေကိုလုပ်နေဆောင်ပါတယ်။ လက်ရှိတစ်လမ်းသွားစနစ်ကိုအသုံးပြု ထားပြီး တော့ ပဲခူး၊‌‌ ညောင်လေးပင်၊ တောင်ငူလမ်းပိုင်းတွေကို ဂျပန်ကုမ္ပဏီတွေကလုပ်ဆောင်နေပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှာ လမ်းပိုင်အဆင့်မြှင်တင်မှုပြီးစီးဖို့လျာထားတဲ့အတွက် အခက်အခဲတွေရှိပေမယ့်လုပ်ငန်းကို အရှိန်မပျက်ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု မြန်မာ့မီးရထား၊ အမှတ် ၇ တိုင်းမန်နေဂျာ ဦးကျော်မျိုးလွင် ကပြောသည်။


ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရာ၌ ကဏ္ဍ ၈ ရပ်ဖြင့်လုပ်ဆောင်လျက်ရှိပြီး ရန်ကုန်-ပဲခူး CP-101 ၊ ပဲခူး-ညောင်လေးပင် CP-102၊ ညောင်လေးပင်-တောင်ငူ CP-103 လမ်းပိုင်းအဆင့်မြှင့်တင်မှုကိုကဏ္ဍ ၃ ရပ်ဖြင့်လည်း ကောင်း၊ DEMUတွဲဆိုင်းများ၀ယ်ယူမှုကဏ္ဍ၊ ထိုတွဲဆိုင်းများကိုထိန်းသိမ်းမှုကဏ္ဍ၊ ရထားပြေးဆွဲမှုထိန်းချုပ် သောကဏ္ဍ၊ ရထားသံလမ်းကွန်ကရစ်ဇလီဖားတုံးနှင့် ဆက်စပ်ပစ္စည်း၀ယ်ယူမှုကဏ္ဍနှင့် အချက်ပြလျှပ်စစ် ပစ္စည်းထောက်ပံ့မှုကဏ္ဍတို့ဖြင့် ကဏ္ဍ ၈ ရပ်ကို တစ်ပြိုင်တည်းလုပ်ဆောင်လျက်ရှိသည်။


ရန်ကုန်-မန္တလေးခရီးစဉ်တွင်  အဆန် ၂ စင်း၊ အစုန် ၁ စင်းဖြင့် ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းနှင့် အညီခရီးစဉ်ပြေးဆွဲပေးလျက်ရှိပြီး ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုပြီးစီးပါက  ၁၇ နာရီခွဲအချိန်ကြာမြင့်ရာမှ ၈ နာရီဖြင့်ရောက်ရှိမည်ဖြစ်သည်။ လက်ရှိအသုံးပြုနေသော ရန်ကုန်-မန္တလေးရထားလမ်းပိုင်းမှာ ၁၉၅၉ ခုနှစ် တွင်စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး လမ်းပိုင်းဆိုင်ရာ၊ စက်ခေါင်းနှင့် ရထားတွဲဆိုင်းများ အချိန်ကြာသည်နှင့် ကြံ့ခိုင်မှုအားနည်းလာ၍ ပြေးဆွဲမှုအချိန်ကြာရှည်သောကြောင့် မီးရထားသံလမ်းများ အဆင့်မြှင့်တင်မှုနှင့်အတူ ရထားစက်ခေါင်းနှင့်တွဲဆိုင်းတစ်ဆက်တည်းပါရှိသော DEMU ရထားများဖြင့်ပြေးဆွဲရန် ဂျပန်နိုင်ငံ ဂျိုက်ကာ အကူအညီဖြင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းကို မြန်မာ့မီးရထားမှအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အရှိန်မပျက်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။       


ဓာတ်ပုံ - ကနူး- ( ၁၁၂ )






အခြားဆက်စပ်သတင်းများ