နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေသယံဇာတများ ရေရှည်တည်တံ့စေရေး

 မြန်မာနိုင်ငံသည် မြစ်၊ ချောင်း၊ အင်းအိုင်ပေါများပြီး ငါးနှင့် ရေသယံဇာတတွင် ကမ္ဘာ့အဆင့် ၁၄ တွင် လည်းကောင်း၊ ရေချိုငါး ထုတ်လုပ်မှုတွင် အရှေ့တောင်အာရှ၌  အမြင့်ဆုံးဖြစ်သည်။
ယနေ့အခြေအနေတွင် နိုင်ငံ၌ လူဦးရေတိုးတက်များပြားလာ ခြင်းကြောင့် ငါး၊ ပုစွန် ဖမ်းဆီးမှု ပိုမိုများပြားလာခြင်း၊ လူနေမြို့ရွာ များ တိုးခဲ့လာခြင်းကြောင့် ငါး၊ ပုစွန်များ ပေါက်ပွားနေရာများ ပျောက်ကွယ်သွားခြင်းနှင့် ငါးများ အောင်းသည့်နေရာ လျော့နည်း သွားခြင်း အကြောင်းများကြောင့် ငါး၊ ပုစွန် သယံဇာတများ လျော့နည်းလာသည်။
ငါး၊ ပုစွန်မျိုးများ မပြုန်းတီးစေရေး၊ မျိုးကောင်းမျိုးသန့် ငါးများ တည်တံ့တိုးပွားရေး၊ ရေရှည်ထုတ်ယူစားသုံးနိုင်စေရေးအတွက် ငါးသားပေါက် မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် သက်ဆိုင်ရာက နှိုးဆော် ဆောင်ရွက်ကြသည်။ အဓိကအားဖြင့် ရေချိုငါး အားလုံး ကို မေ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ဖမ်းဆီးခြင်း၊ စုဆောင်း သိုလှောင်ခြင်း၊ ရောင်းဝယ်တင်ပို့ခြင်းတို့ကို မပြုလုပ်ရန် အသိပေး လျက်ရှိသည်။
ရေချိုငါးလုပ်ငန်းတွင် ဂရန်အင်းပေါင်း ၃၇၀၀ ကျော်၊ တင်ဒါ ချက်ပေါင်း ၃၈၀၀ ခန့် လုပ်ကိုင်ခွင့်ပြုထားသည်။ ရေချိုရေငန် ငါးလုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်းပြုကြသူ နိုင်ငံသား      ၃ ဒသမ ၂ သန်းကျော်ရှိကြောင်း စိုက်ပျိုးရေးကဏ္ဍကြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။
ရေချိုငါးဈေးကွက်တွင် မွေးမြူရေးငါးများဖြစ်သော ငါးကြင်း၊ ငါးမြစ်ချင်းများ အတွေ့များပြီး တိုင်းရင်းငါးမျိုးများကို ရာသီချိန် မှလွဲ၍ အနည်းငယ်သာတွေ့ရှိရသည်။ တိုင်းရင်းငါးမျိုးများတိုးပွား လာရေး သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနကြိုးပမ်းဆောင်ရွက် သင့်သည်။ ပြည်တွင်းရေချိုငါးထုတ်လုပ်မှုတိုးတက်လာရေး၊ ငါးသယံဇာတများရေရှည်တည်တံ့နိုင်ရေး ကောင်းမွန်ပြည့်စုံသည့် စီမံခန့်ခွဲမှုများလိုအပ်သည်။
သို့ဖြစ်ရာ ငါးကဏ္ဍတွင် ပါဝင်အသက်မွေးဝမ်းကျောင်းပြုသူများကလည်း တာဝန်သိသိဖြင့် လိုက်ပါပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ