နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Google က သတင်းဌာနအချို့ကို သတင်းအသုံးပြုခပေးရန် စီစဉ်

ဇွန် ၂၈


အရည်အသွေးမြင့် အကြောင်းအရာများအတွက် သတင်းဌာနများကို ပိုက်ဆံပေးမည့် လိုင်စင်ပရိုဂရမ်ဝန်ဆောင်မှုကို ယခုနှစ်ကုန်ပိုင်းတွင် စတင်သွားရန် ခန့်မှန်းထားပြီး Google News နှင့် Discover ပလက်ဖောင်းပေါ်တွင် ဖြန့်ချိသွားမည်ဖြစ်သည်။ Google သည် အခပေးဝယ်ထားသည့် သတင်းဆောင်းပါးများကိုလည်း အခမဲ့ပေးသွားရန်  စီစဉ်နေကြောင်း သိရသည်။ 

Google က  ထိုပရိုဂရမ်ကို ဂျာမဏီ ၊ ဩစတြေးလျနှင့် ဘရာဇီးတို့ရှိ သတင်းဌာနများဖြင့် စတင် သွားမည်ဖြစ်ပြီး မကြာမီ နောက်ထပ်သတင်းဌာနများဆီ တိုးချဲ့သွားမည်ဟု ကြေညာထားသည်။ Financial Times သတင်းအရ Google ၏ သတင်းမိတ်ဖက် ပါတနာများထဲတွင် ဂျာမဏီမှ Der Spiegel နှင့် ဩစတြေးလျမှ Schwartz Media တို့လည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် လအနည်းငယ်က ဩစတြေးလျအစိုးရသည် အကျိုးအမြတ်ရနေသည့် အခမဲ့သတင်း အကြောင်းအရာများအတွက် နည်းပညာကုမ္ပဏီများအနေဖြင့် သတင်းဌာနများကို ငွေပေးချေရန် ဖိအားပေးတောင်းဆိုခဲ့သည်။ Facebook နှင့် Google စသည့် အင်တာနက်လူမှုကွန်ရက်ကုမ္ပဏီတွေဟာ သတင်းမီဒီယာတွေရဲ့ သတင်းအရင်းအမြစ် အများစုသုံးနေပြီး အွန်လိုင်းကြော်ငြာလုပ်ငန်းမှ ဝင်ငွေ အများအပြား ရနေကြောင်း သိရသည်။ 

သတင်းဌာနများ ဖန်တီးထားသည့် သတင်းအကြောင်းအရာအတွက် အခကြေးငွေပေးရန် Facebook နှင့် Google ကို ညွှန်ကြားနိုင်မည့် ဥပဒေလုပ်ထုံးမူကြမ်းများကို ဩစတြေးလျအစိုးရသည် ဇူလိုင်လကုန်ပိုင်းတွင် ထုတ်ပြန်သွားရန် စီစဉ်ထားသည်။ ပြင်သစ်နိုင်ငံကလည်း ပြီးခဲ့သည့် ဧပြီလထဲတွင် သတင်းဆောင်းပါးပါ အကြောင်းအရာများ ရယူဖော်ပြမှုအတွက် ငွေပေးချေရန် Google ကို အမိန့်ချထားသည်။


Facebook သည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစပြီး အမေရိကန်သတင်းမီဒီယာကြီးများဖြစ်သည့် The Wall Street Journal ၊ USA Today နှင့် BuzzFeed အပါအဝင် publisher ကြီးများဖြင့် လက်တွဲပြီး Facebook News နာမည်ဖြင့် မိုဘိုင်းလ် အက်ပလီကေးရှင်းတွင် သတင်းခန်းတစ်ခု စမ်းသပ်ဖွင့်လှစ်ခဲ့သည်။ Facebook သည် ထို News Tab ကို မကြာမီ ဥရောပဈေးကွက်ကိုလည်း တိုးချဲ့သွားရန် စီစဉ်ထားသည်။               


(WP)






အခြားဆက်စပ်သတင်းများ