နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခွာနာ၊ လျှာနာရောဂါ ထိန်းချုပ်ဇုန်များ ဖော်ဆောင်

လူတို့၏နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံလိုအပ်ချက်များအနက် နေ့စဉ်အဓိက လိုအပ်ချက်မှာ စားရေရိက္ခာ၊ စားရေးလိုအပ်ချက်ဖြစ်သည်။ စားနပ်ရိက္ခာဖူလုံပိုလျှံရေးမှာ အရေးကြီးသော အချက်ဖြစ်သည်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ စားနပ်ရိက္ခာပြည့်စုံစွာ စားသုံးနိုင်ရေး ထုတ်လုပ်ပေးနေသည်မှာ တောင်သူလယ်သမားဦးကြီးများပင် ဖြစ်သည်။

တောင်သူလယ်သမားဦးကြီးတို့နှင့် တွဲဖက်၍  ရုန်းကန် လုပ်ဆောင်ရသော လယ်ယာမြေလုပ်ငန်းများတွင် ကျွဲ၊ နွားများ၏ စွမ်းဆောင်ချက်များကလည်း အရေးပါသည်။ ခွာနာ၊ လျှာနာရောဂါ သည် ခွာကွဲတိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိပြီး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်။ ယခုကဲ့သို့ ရာသီအကူးအပြောင်းနှင့် စိုစွတ်သောကာလ များတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။

မြန်မာနိုင်ငံတွင် ခွာနာ၊ လျှာနာရောဂါကူးစက်ခံရနိုင်သည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်နှင့် ဝက်ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ ၏ ခွာနာ၊ လျှာနာရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မည် ဆိုလျှင် အိမ်နီးချင်းနိုင်ငံများတွင်လည်း ခွာနာ၊ လျှာနာရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချသွားနိုင်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇွန်လမှစတင်ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ခွာနာ၊ လျှာနာရောဂါထိန်းချုပ်ရေးလုပ်ငန်းအစ ပျိုးစီမံကိန်းအဖြစ် နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အစပျိုးဆောင်ရွက် ခဲ့ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ် ရှစ်မြို့နယ်လုံး တွင် အကောင်အထည်ဖော်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို ခွာနာ၊ လျှာနာ ထိန်းချုပ်ရေး ဇုန်အဖြစ် သတ်မှတ်ကြေညာခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) တွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (WOAH) ၏ ၂၀၃၀ ပြည့်နှစ်တွင် ခွာနာ၊ လျှာနာ ရောဂါကင်းရှင်းရေး၊ ကမ္ဘာလုံးဆိုင်ရာမူဝါဒရည်မှန်းချက်နှင့် အမျိုးသားအဆင့် ခွာနာ၊ လျှာနာရောဂါထိန်းချုပ်ရေးစီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် ရေးဆွဲကာ လုပ်ငန်းများစတင်ခဲ့သည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် ၂၀၂၃ ခုနှစ်အတွင်း မိတ္ထီလာခရိုင်နှင့် ပဲခူးခရိုင်တို့တွင် ခွာနာ၊ လျှာနာရောဂါထိန်းချုပ်ဇုန် များ တိုးချဲ့ဖော်ဆောင်လျက်ရှိပြီး နိုင်ငံအတွင်းရှိ ခရိုင် ၃၇ ခရိုင်တွင် ခွာနာ၊ လျှာနာရောဂါထိန်းချုပ်ရေးဇုန်များ ဖော်ဆောင်သွားခြင်းဖြင့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ့ဧရိယာ၏ ၅၀ ရာခိုင်နှုန်း ထိန်းချုပ်‌ဆောင်ရွက် နိုင်ရန် စီမံလျက်ရှိသည်။

လယ်ယာလုပ်ငန်းခွင်ဝင်ရောက်သည့် ကျွဲ၊ နွားများ ရောဂါ ကင်းစင်မှသာ လယ်ယာဦးကြီးတို့အတွက် အထောက်အပံ့ဖြစ်ရာ နိုင်ငံအတွင်း ခွာနာ၊ လျှာနာရောဂါ ထိန်းချုပ်ဇုန်များ အကောင်အထည် ဖော်ခြင်းဖြင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ကာ ဈေးကွက်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဟု ဆိုချင်ပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ