နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေစပါးလျာထားချက် ပြည့်မီရေး ကြိုးပမ်းစိုက်ပျိုး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဦးလှမိုးနှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ သမဝါယမအသင်းအဖွဲ့ စနစ်ဖြင့် နွေစပါး စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်တို့ရှိ စိုက်ဧကပေါင်း ၃၇၆၇ ဒသမ ၀၈ တွင် သမဝါယမအသင်းပေါင်း ၂၅ သင်းမှ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ရာ တောင်သူများ  လိုအပ်သည့် မျိုး၊ သွင်းအားစုများ၊ ဓာတ်မြေဩဇာ၊ သဘာဝ မြေဩဇာများအား ဈေးနှုန်းသက်သာစွာဖြင့် အချိန်မီရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ စပါးပေါ်ချိန်တွင် ဒေသပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချနိုင်ရေး စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၁ ရက်က သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ သာယာဝတီမြို့နယ်၊ ကျွဲသတ်ကြီးကျေးရွာ၊ နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုး‌နေမှု၊ လက်ပံတန်းမြို့နယ် ဂွေးတောက်ကွင်းကျေးရွာ   အစေ့ချနွေစပါး  စိုက်ပျိုးနေမှု၊ ကြို့ပင်ကောက်မြို့ ဆည်မြောင်းနှင့် ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန၊ တည်ဆောက်ရေး (၂) ရှင်းလင်းဆောင်၌ နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဘော်ဆင်ဆည်ရေသောက် ကျွဲဘိအောင်ပင်သာ တူးမြောင်း တူးဖော်ပြီးစီးမှု၊  ရေပေးမြောင်း  တူးဖော်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဖေဖော်ဝါရီ တတိယပတ် အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လယ်ယာထွက်ကုန်အခြေခံတန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးစေရေးအတွက် ကွင်းဆင်းလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုနှစ် နွေစပါးဧက ၃၄၈၀၀၀ စိုက်ပျိုးနိုင်ရန် လျာထားချက်ပြည့်မီရေး၊ သဖန်းဆိပ်ဆည်ရေသောက် ဧရိယာတွင် ဆောင်ရွက်မည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်း များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရေး၊ ရနိုင်သမျှ စိုက်ပျိုးရေအရင်းအမြစ်များ ရှာဖွေအသုံးပြု၍ ရေအနည်းလိုသီးနှံများ စိုက်ပျိုးပြီး သီးထပ်စွမ်းအားမြှင့်တင်ရေး လိုအပ်ချက်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် လျာထားချက်ပြည့်မီအောင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးသူ တောင်သူများ စီးပွားဝင်ငွေ  တိုးတက်ရရှိရေးသာမက နိုင်ငံ့စီးပွားမြှင့်တင်ရေးကိုပါ အထောက် အကူပြုသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်ရပါသည်။    ။






အခြားဆက်စပ်သတင်းများ